၂၁ - ၃ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၂) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ်(၁၂)၌ မိမိကိုယ်မိမိ ဉာဏ်ကောင်းသည်ဟု ဘဝမြင့်ကာ ပုံမှန် စာမကျက်ဘဲနေခဲ့ရာမှ လပတ်စာမေးပွဲတွင် သုံးဘာသာ ကျရှုံးခဲ့၍ နောင်တရခဲ့သော ချက်စူအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်စူ ပါဝင်သော စာမှန်မှန်ကျက် စာမခက်” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် မေတ္တာစေတနာထားပါက မိမိတွင်လည်း ကောင်းကျိုးများ ပြန်လည်ခံစားရနိုင်ပုံကို သရုပ်ဖော်ထားသည့် “မေတ္တာမုန့်ပေါင်း” နှစ်မျက်နှာကာတွန်း၊ လူကြီးများ ပြောဆိုသည့် စကားကို သေသေချာချာ ဂရုစိုက်နားမထောင်ဘဲ ပေါ့ပေါ့ ဆဆနေခဲ့မိသောကြောင့် စာအုပ်များ မီးလောင်ခံခဲ့ရသော မြဂျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုး ပါဝင်သော သုံးတတ်လျှင် မိတ်ဆွေ မသုံးတတ်က ရန်သူ” နှစ်မျက်နှာကာတွန်း၊  မိမိ၏ ဇာတိ ဖြစ်သော ချောင်းလေးမှ မြစ်ကြီးဆီသို့ ပြောင်းရွှေ့ခဲ့ရာမှ ဒုက္ခရောက်ခဲ့ရသော ဗျိုင်းအကြောင်းကို သရုပ်ဖော်ထားသည့်  “ဇာတိမြေ” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်းသော ချက်ပုအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်ပု - ကွက်တိရွှေ့ပြမယ်” တစ်မျက်နှာကာတွန်းနှင့် သင်္ချာမေးခွန်းတွင် ၈ ပုဒ် ပေးထားရာမှ မိမိကြိုက်နှစ်သက်ရာ ၅ ပုဒ် ဖြေဆိုရန် ပေးထားသော်လည်း မိမိကြိုက်နှစ်သက်သည့် အပုဒ်များ မပါ၍ မဖြေခဲ့သော ပုပုအကြောင်းကို ဟာသဖြစ်ဖွယ်သရုပ်ဖော်ထားသည့် “ပုပု ပါဝင်သည့်           မကြိုက်လို့”  မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတဆောင်းပါးကဏ္ဍတွင် ခြင်ပိုကိုက်ခံရနိုင်သော အကြောင်းအရာများကို သိရှိရှောင်ရှားနိုင်စေရန် ရေးသားထားသည့် “ဘာကြောင့် ခြင်တွေ ပိုကိုက်တာလဲ” သုတဆောင်းပါး ပါဝင်ပြီး မိမိထက် အသက်အရွယ်ကြီးသူကို ကိုယ်ချင်းစာတရားထားရှိကာ လေးလေးစားစား ဆက်ဆံခဲ့မှုနှင့် သတိဝီရိယရှိမှုတို့ကြောင့် ဆင်းရဲသားဘဝမှ သူဌေးတစ်ဦး ဖြစ်သွားသော လုလင်ပျိုလေးအကြောင်းကို ရေးသားထား သည့် “လုလင်နဲ့ ရိုးသားကြိုးစားမှု ဆုလာဘ်” ပုံပြင်နှင့် လမ်းသွားလမ်းလာ လူအများ အရိပ်ခိုနားနိုင်စေ ရန် ဗာဒံပင်ရိပ်၌ ခုံတန်းလေးများ လုပ်ပေးခဲ့သော အောင်ကိုတို့ သူငယ်ချင်းသုံးယောက်အကြောင်းကို ရေးသားထားသည့် “သစ်တစ်ပင်၏ တန်ဖိုး” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးများ အင်္ဂလိပ်စာဝေါဟာရတိုးပွားစေရန် ear ၏ ရှေ့တွင် စာလုံးတစ်လုံးစီ ထည့်၍ နာမ်၊ နာမဝိသေသန၊ ကြိယာ၊ ဝိဘတ်များဖြစ်အောင် ရေးသားနိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် နွေရာသီတပေါင်းလတွင် ဖက်ဆစ် ဂျပန်တို့အား တိုက်ထုတ်ခဲ့ပုံကို သီကုံးရေးဖွဲ့ထားသည့် “တော်လှန်ရေးအောင်ပွဲ”ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ညစာအတွက် မည်သူချက်ရမည်ဆိုသည်ကို အပြန်အလှန်ပြောဆိုပုံအမျိုးမျိုး ဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။    
                                                                     
           

အကြံပြုစာ/တိုင်ကြားစာ