ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ်(၆)၌ မိမိပြုလုပ်သည့် မကောင်းမှုကို သူတစ်ပါးမသိသော်လည်း မိမိ၏ ကိုယ်စောင့်နတ်က သိရှိနိုင်ကြောင်းနှင့် မိမိကြောင့် သူတစ်ပါးစိတ်ဆင်းရဲအောင် မပြုလုပ်သင့်ကြောင်း သရုပ်ဖော်ထားသည့် “ကိုယ်စောင့်နတ်ကသိတယ်” မျက်နှာဖုံးကာတွန်း၊ စာပေကျမ်းဂန်များကို လိုက်စားခဲ့၍ ဘုရင်ကြီး မေး သော မေးခွန်းကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့၍ ဆုလာဘ်များရရှိခဲ့သော အမတ်ကြီးအကြောင်းကို သရုပ်ဖော် ထားသည့် “မေးခွန်းလေးခု” နှစ်မျက်နှာကာတွန်း၊ မည်သည့်ကိစ္စမဆို ဇွဲရှိရှိဖြင့် လုပ်ကိုင်ပါက အောင်မြင်မှု ရရှိနိုင်ပုံကို သရုပ်ဖော်ထားသည့် “ဇွဲရှိပါ” နှစ်မျက်နှာကာတွန်း၊ ကိစ္စတစ်ခုခုနှင့် ကြုံတွေ့လာပါက ဖြစ်သင့်ဖြစ်ထိုက်သည်ကို ချင့်ချိန်စဉ်းစားတတ်စေရန် သရုပ်ဖော်ထားသည့် “ကျားနဲ့ မြေခွေး” နှစ်မျက်နှာ ကာတွန်း၊ တိုက်ဖွိုက်ရောဂါကြောင့် ဆံပင်များကျွတ်ကာ ထိပ်ပြောင်သွားသော ကိုဗေထုံ၏ ဆံပင် ပေါက်ဆေးလိမ်းသော်လည်း ပြန်ပေါက်မလာပုံကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဗေထုံနှင့် ဂျာရစ် ပါဝင်သည်” တစ်မျက်နှာကာတွန်းနှင့် ဆရာက ငါးဖမ်းရာတွင် အသုံးပြုသည့် ပိုက်ကွန်ကို မေးမြန်းရာ မြဂျိုး၏ ပြန်လည်ဖြေကြားပုံကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသော “မြဂျိုး - ပိုက်ကွန်” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် သွားပိုးစားစေသောအကြောင်းရင်းများနှင့် သွားပိုးစားခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်းကို ရေးဖွဲ့ထားသည့် “သွားပိုးစားခြင်း” သုတဆောင်းပါး ပါဝင်ပြီး အသိပညာ၊ ဗဟုသုတကြွယ်ဝသော ခေါင်းဆောင်ကောင်းတစ်ယောက်၏ ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ခဲ့၍ အသက်ဘေးမှ ကင်းလွတ်သွားခဲ့သော လှည်းသားငါးရာအကြောင်းကို ရေးဖွဲ့ထားသည့် “အဆိပ်သီးနှင့် လှည်းမှူးအလိမ္မာ” ပုံပြင်နှင့် ကလေးများ လူကြီးမိဘတို့၏ ဆုံးမစကားကို နာယူမှတ်သား တတ်စေရန်နှင့် သူတစ်ပါးအသက်ကို တန်ဖိုးထားတတ်စေရန် ရေးသားထားသည့် “တိရစ္ဆာန်လေးတွေ အပေါ် ကိုယ်ချင်းစာစိတ်ထားပါ” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရေပိုက်ခေါင်းများစွာထဲမှ ရေပုံးထဲသို့ ရေကျလျက်ရှိသော ရေပိုက်ခေါင်းတစ်ခုကို ရွေးထုတ်၍ ဖွင့်ပေးနိုင်မည့် “ရေပုံးထဲ ရေဖြည့်တဲ့ ပိုက်ခေါင်းကို မှန်အောင် ဖွင့်ကြည့်ကြပါ” ဉာဏ်စမ်းကဏ္ဍနှင့် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသူ အချင်းချင်း ပေါင်းစည်းညီညွတ်စွာ နေထိုင်သင့်ကြောင်း သီကုံးရေးဖွဲ့ထားသည့် “ပြည်ထောင်စုစိတ် ဓာတ်” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဗိုက်ဆာလွန်း၍ သူငယ်ချင်းဖြစ်သူကို အသားညှပ်ပေါင်မုန့်ဝယ်ကျွေးခိုင်းရာမှ ပိုက်ဆံအခက်အခဲဖြစ်နေသည်ကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ပြောဆိုပုံအမျိုးမျိုးကို လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။