ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၅၂)၌ သမင်မလေးရွှေဝါသည် မိခင်အိုကြီးကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်သောကြောင့် စေတနာရောင်ပြန်ဟပ်ခံရပုံကို သရုပ်ဖော်ထားသည့် “စေတနာရောင်ပြန်” မျက်နှာဖုံးကာတွန်း၊ နေ့စဉ် ကျောင်းသို့ ကိုယ်တိုင်လိုက်ပို့ပေးလေ့ရှိသော ဖခင်၏ မေတ္တာစေတနာကို နားလည်သွားခဲ့သော မောင်အောင်အကြောင်းကို သရုပ်ဖော်ထားသည့် “သား နားလည်ပါပြီ အဖေ” နှစ်မျက်နှာကာတွန်း၊ မိမိ၏ ဖြစ်တည်မှုကို ကျေနပ်လက်ခံတတ်စေရန် မေပယ်ပင်လေးနှင့် ခိုင်းနှိုင်း သရုပ်ဖော်ထားသည့် “မင်းရဲ့ ကံကောင်းခြင်းတွေကို ရေတွက်ကြည့်ပါ” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း မပြုလုပ်ဘဲ သူတစ်ပါးကိုသာ အပြစ်ပြောတတ်သည့် ဗေထုံအကြောင်းကို သရုပ်ဖော်ထားသည့် “ဗေထုံ- မသိလို့” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို ကြောက်လန့်စေရန် မျက်နှာဖုံးစွပ်ကာ ခြောက်လှန့်ရာမှ ခွေးလိုက်ဆွဲခံရ၍ ထွက်ပြေးခဲ့ရသည့် ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော မကောင်းကြံတော့” တစ်မျက်နှာကာတွန်းနှင့် သရဲကို မမြင်ဖူးဘဲ ကြောက်တတ်သည့် သူငယ်ချင်းဖြစ်သူကို စိတ်ရောဂါကု ဆရာဝန်နှင့် ပြသရန် လိုအပ်ကြောင်း ဟာသဖြစ်ဖွယ်ပြောကြားခဲ့သည့် မြသွန်းဖြိုး အကြောင်းကို သရုပ်ဖော်ထားသည့် “မြသွန်းဖြိုး ပါဝင်တဲ့ သရဲ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် မြန်မာမိန်းကလေးများ တန်ဖိုးထား လိမ်းခြယ်လျက်ရှိသော သနပ်ခါးအကြောင်းကို ရေးသားထားသည့် “မြန်မာ့ရိုးရာ သနပ်ခါး” သုတဆောင်းပါး၊ စာများကျက်မှတ် ရာတွင် လက်မှချရေးကာ အကြိမ်ကြိမ် ပြန်လည်ကျက်မှတ်သင့်ကြောင်း ရေးသားထားသည့် “မှတ်ဉာဏ် ကောင်းအောင် ကြိုးစားနည်း” ဝတ္ထုနှင့် မျက်စိတစ်ဖက်မမြင်သော မိခင်ကို ကူညီလုပ်ကိုင်ပေးကာ ပညာကို ကြိုးစားသင်ယူနေသော ကျောင်းသားလေးမောင်ညိုအကြောင်းကို ရေးသားထားသည့် “မောင်ညိုလေးကို အတုယူပါ့မယ်” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးများ အင်္ဂလိပ်စာ တိုးတက်စေရန် စကားလုံး၏ အဆုံး၌ Double O - အို နှစ်လုံးပူးပါသည့် စကားလုံးအချို့ကို ရေးသားနိုင် မည့် ဉာဏ်စမ်းနှင့် တန်ဖိုးရှိစွာ နေထိုင်ပါက ရလဒ်ကောင်းများကိုသာ ပိုင်ဆိုင်ရမည်ဖြစ်ကြောင်းကို လိုက်နာမှတ်သားဖွယ် ရေးဖွဲ့စပ်ဆိုထားသည့် “တန်ဖိုးဟူသည်” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် အဝတ်အစားဝယ်ရာ၌ ဝယ်သူက သူနှင့် တော်မတော်၊ လိုက် မလိုက် စမ်းဝတ်ကြည့်ချင်၍ ရောင်းသူနှင့်ဝယ်သူတို့ အပြန်အလှန်ညှိနှိုင်းပြောဆိုပုံကို ပုံစံအမျိုးမျိုးနှင့် လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။