၂၅ - ၁၀ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၄၃)၌ အမြဲတမ်းကြောက်တတ်သော ပိုပိုသည် အရေးကြုံလာသောအခါ သူ၏သတ္တိကို အကျိုးရှိရှိ အသုံးပြုနိုင်ခဲ့ပုံကို သရုပ်ဖော်ထားသည့် “ကျားလေးပိုပို” မျက်နှာဖုံး ကာတွန်း၊ သူငယ်ချင်း၏ အားနည်းချက်ကို အနိုင်ယူကာ ပြောခဲ့သော်လည်း မိမိဒုက္ခရောက်သောအခါ ထိုသူငယ်ချင်းက ကူညီခဲ့၍ နောင်တရနေသော ကောင်းထက်စံအကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် သူ၏သူငယ်ချင်း” နှစ်မျက်နှာကာတွန်း၊ ဥစ္စာပစ္စည်းကိုမက်မောကာ မိမိအသက်သခင်ကို ဒုက္ခရောက်အောင် ပြုလုပ်ခဲ့မိ၍ မြို့စားကြီး၏ ကြိမ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်ကို သရုပ်ဖော်ထားသည့် “ကတိ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းကို ကြောင်ချေးလူးမိစေရန် စနောက်ရာမှ မွေးနေ့တွင် ကျွေးမည့် မုန့်ဟင်းခါးနှင့် မုန့်ဖိုးငွေတို့ လက်လွှတ်ခဲ့ရပုံကို သရုပ်ဖော်ထားသည့် “စောဟန်နှင့် ရွှေရိုး လက်စွပ် ပျောက်လို့ပါ” နှစ်မျက်နှာကာတွန်း၊ စာကို အကြိမ်ကြိမ်ထပ်တလဲလဲ ပြန်လည်ကျက်မှတ်ခဲ့၍ စာမေးပွဲတွင် မေးခွန်းအားလုံးကို ဖြေဆိုနိုင်ခဲ့သော ပန်ပန်အကြောင်းကို သရုပ်ဖော်ထားသည့် “ဂျာရစ်” တစ်မျက်နှာ ကာတွန်း၊ စကားကို ကတ်သီးကတ်သတ်ပြောတတ်သော ပေါက်စီအကြောင်းကို သရုပ်ဖော်ထားသည့် “ပေါက်စီရဲ့ အတိုဆုံးမြစ်” မျက်နှာဝက်ကာတွန်းနှင့် မိမိကိုယ်မိမိ ဉာဏ်ကောင်းသည်ဟု ယူဆကာ အထင်ကြီးနေသော ပုပုအကြောင်းကို သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် သစ်ပင်ရေလောင်းမယ်” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် သဘာဝအလျောက် ထူးခြားဆန်းပြားစွာ အပြာရောင်ဖြစ်နေ သော ရေပြာအိုင်များနှင့် ရေပြာတွင်းများအကြောင်းကို ဗဟုသုတရဖွယ် ရေးသားထားသည့် “ရေပြာအိုင်များနှင့် ရေပြာတွင်းများအကြောင်း သိကောင်းစရာ” သုတဆောင်းပါး ပါဝင်ပြီး ကျောက်လိုဏ်ဂူအတွင်း တွင် ကွန်ရက်ရက်ကာ အိမ်တည်ဆောက်နေသော ပင့်ကူလေးကို အတုယူ၍ ဆောင်ရွက်ခဲ့သောကြောင့် အောင်မြင်မှုရရှိခဲ့သော သားတော်ကြီးအကြောင်းကို ရေးသားထားသည့် “ပင့်ကူလေးရဲ့ ဥပမာ” ပုံပြင်နှင့် မိခင်မသိအောင် ငါးကြော်ယူစားပြီး ကြောင်စားသည်ဟု အပြစ်လွှဲချမိ၍ နောင်တရနေသော မြဂျိုး အကြောင်းကို ရေးသားထားသည့် “မြဂျိုးနှင့် ငါးကြော်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကြည့်၍ အင်္ဂလိပ်စကားလုံးများထဲတွင် a, e, i, o, u ဟူသော သရ စာလုံးများမပါဘဲ y နှင့်ဆုံးသည့် စကားလုံးအချို့ကို ရေးသားနိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် အရက်သောက်ခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို သီကုံးစပ်ဆိုထားသည့် “ကျော့ကွင်းဝင်” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့်  အီဒီယမ်အသုံးများ အပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စာအရေးအသားများကို  လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ