စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ်၊ ပထမဆုရရှိသည့် စာရေးသူ တက္ကသိုလ်မြမဉ္ဇူ၏ “ကိုယ့်ခြံမှာလည်း ပန်းတွေ ပွင့်ရမယ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

အဆိုပါစာအုပ်တွင် ဝတ္ထုတို (၁၄)ပုဒ် ပါဝင်သည်။ သူတစ်ပါးခြံထဲမှ အသီးအပွင့်များကို ငေးကြည့် အားကျနေမည့်အစား ကိုယ့်ခြံထဲတွင်လည်း သီးပွင့်ဝေဆာအောင်၊ သူ့မြေမှာ ဖြူပြာပွင့်လျှင် ငါ့မြေမှာ နီဝါတင့်ရမပေါ့ ဟူသောစိတ်ဓာတ်ဖြင့် ကြိုးစားကြသင့်ကြောင်း၊ ကိုယ့်မြေကိုယ့်ဒေသကို မြတ်နိုးတန်ဖိုး ထားကြစေလိုကြောင်း မီးမောင်းထိုးပြထားသည့် “ကိုယ့်ခြံမှာလည်း ပန်းတွေပွင့်ရမယ်” ဝတ္ထုတိုအပြင် လောဘတဏှာကြောင့် ဘဝနာခဲ့ရပုံ၊ လောကကြီးတွင်ရှိသော အလွှာပေါင်းစုံ၊ နေရာပေါင်းစုံတွင် ပိပိရိရိ လိမ်နေကြသလို အလိမ်ခံကြရမှန်း မသိကြဘဲ အတုတွေကို အစစ်ဟု ထင်မှတ်ယုံကြည်နေကြပုံ၊ ဘဝကို ဉာဏ်ဖြင့်ဆင်ခြင်ပြီး သေသေချာချာ ခွဲခြမ်းစိတ်ဖြာ ကြည့်တတ်လျှင် ဘဝနေနည်း သိရပြီဟု ဖော်ညွှန်း ထားပုံ၊ အမြင်လှသော်လည်း အရသာမရှိသည့် အသီး၊ အနံ့မရှိသည့် ပန်းလိုလူမျိုး၊ အမြင်မလှ သော်လည်း အရသာရှိသည့် အသီး၊ ရနံ့သင်းပျံ့သည့် ပန်းလိုလူမျိုး၊ လူအချို့က လာရာကောင်းပြီး လားရာမကောင်းသော လူမျိုး၊ လူအချို့က လာရာမကောင်းသော်လည်း လားရာကောင်းသောလူမျိုး၊ ထိုလူမျိုးများအဖို့ ၎င်းတို့၏ဘဝကို အချိန်ကသာ ဆုံးဖြတ်ပေးကြပုံ၊ နှုတ်ကြမ်း ကိုယ်ကြမ်း စရိုက်ကြမ်း သော်လည်း တကယ့်အသက်လုပွဲတွင် မိမိအသက်ကို မငဲ့ကွက်ဘဲ သားနှင့် လင်ကို ကယ်တင်ခဲ့သဖြင့် သားကိုချစ်သည့် မိခင်မေတ္တာ၊ လင်ကိုချစ်သည့် ချစ်ခြင်းမေတ္တာရှိသူ၊ တစ်နည်းအားဖြင့် ကမာကောင်၏ ရင်ထဲတွင်ရှိသော အဖိုးတန်ပုလဲရတနာအဖြစ် တင်စားခြင်းခံရသည့် အမျိုးသမီး၏ ရင်နင့်ဖွယ်ဖြစ်ရပ် အပါအဝင် မိဘနှင့် သားသမီး အပြန်အလှန် အစုန်အဆန် တုံ့ပြန်မေတ္တာထားကြရာတွင် အမြင်ခံယူချက် မတူညီကြသောအခါ စေတနာက ဝေဒနာဖြစ်ကြရပုံ စသည်ဖြင့် ဘဝဇာတ်ခုံပေါ်မှ ဘဝသရုပ်ဖော် မျိုးစုံကို ရသအဖုံဖုံဖြင့် ဆွဲဆောင်မှုရှိစွာ ရေးဖွဲ့ထားသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၃ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ်၊ ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ