ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၁)၌ တိရစ္ဆာန်လေးများ အစာစားနေသည်ကို အစားပျက်အောင် နှောင့်ယှက်ခဲ့၍ မိမိ ရေခဲမုန့် စားသောအခါတွင်လည်း ကျီးကန်းထိုးခြင်းကို ခံခဲ့ရသော မြတ်မင်းအောင် အကြောင်းကို သရုပ်ဖော်ထားသည့် “ကိုယ်ချင်းစာစိတ်” မျက်နှာဖုံးကာတွန်း၊ ကလေးများကို စာတော်စေချင်သည်မှာ မိဘတို့၏ မေတ္တာစေတနာဖြစ်သော်လည်း အလွန်တင်းတင်းကျပ်ကျပ် မခိုင်းသင့်ကြောင်း သရုပ်ဖော်ထားသည့် “ဥပမာလေး ကယ်လို့” နှစ်မျက်နှာကာတွန်း၊ မြို့သားများနှင့် တောသားတို့ လှေလှော်ပြိုင်ကြရာ၌ လှေလှော်အတတ်ကို ဘက်စုံကျွမ်းကျင်သော တောသားက အနိုင်ရ သွားပုံကို သရုပ်ဖော်ထားသည့် “ရွှေပဲ” နှစ်မျက်နှာ ကာတွန်း၊ တီထွင်ကြံဆချင်သည့် အသိဉာဏ်ရှိသော ပုပုအကြောင်းကို သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် ဒါမှ တို့ဖေဖေ” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်မိမိ လူလည်ဟု ထင်မှတ်နေရာမှ သူတစ်ပါး၏လှည့်ဖြားခြင်းကို ခံခဲ့ရသော ကိုလူလည်အကြောင်းကို သရုပ်ဖော်ထားသည့် “မအူမလည် ကိုလူလည်” တစ်မျက်နှာကာတွန်းနှင့် ဖိုးတစ်တိုသည် မိခင်က အလုပ်ခိုင်းသောအခါ အပြင်သွားနေသည်ဟု သဘောထားရန် တောင်းဆိုခဲ့ရာ မိခင်ကလည်း မုန့်ဟင်းခါးစားသောအခါ ဖိုးတစ်တို အပြင်သွားနေသည်ဟု သဘောထားကာ မကျွေးဘဲထားသည်ကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ထမင်းဝိုင်းတွင် ပြုကျင့်အပ်သော ယဉ်ကျေးမှုဓလေ့ ထုံးစံများကို ဗဟုသုတရဖွယ် ရေးသားထားသည့် “မြန်မာ့ထမင်းဝိုင်း ယဉ်ကျေးမှု” သုတဆောင်းပါး၊ စီးပွားရေးမပြေလည်၍ ပညာဆက်မသင်ရသော သူငယ်ချင်းကို မိမိကဲ့သို့ ပညာဆက်သင်နိုင်စေရန် ကူညီ ပေးခဲ့သော မောင်ထွေးအကြောင်းကို ရေးသားထားသည့် “သူငယ်ချင်းကောင်း” ဝတ္ထုနှင့် မိခင်ရှိရာ အသိုက်သို့ ပြန်ရန် လမ်းမသိသည့် ငှက်ကလေးကို အကူအညီပေးခဲ့သည့် ရှဉ့်ကလေးအကြောင်းကို ရေးသားထားသည့် “ငှက်ကလေးရဲ့ အိမ်ပြန်ခရီး” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံလေးများကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြ ရအောင်” ဉာဏ်စမ်းနှင့် မြန်မာမိန်းကလေးများ မြန်မာဆန်ဆန် နေထိုင်ဝတ်ဆင်ကြပုံကို သီကုံး ရေးစပ်ထားသည့် “မြန်မာဆန်သူ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ် များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက် သည်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။