၂၁ - ၆ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၅) ထွက်ရှိ

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၂၅)၌ လူတို့၏ သစ်ပင်များကို စည်းကမ်းမဲ့ ခုတ်ထွင်မှုကြောင့် သဘာဝတောတောင်များ ပျက်စီးရကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးချို သိလိုက်သော အသိ” မျက်နှာဖုံးကာတွန်း၊ မိမိ အတွက် အန္တရာယ်မကင်းသော အလုပ်ကို လုပ်ကိုင်မိ၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရသော မျောက် အကြောင်းကို သရုပ်ဖော်ထားသည့် “မျောက် နှင့် ပိုက်ကွန်” နှစ်မျက်နှာကာတွန်း၊  ကလေးငယ်၏ ဉာဏ်ကောင်းမှုကြောင့် အကြံအိုက်သွားရသော ဖြိုးရဲအကြောင်းကို သရုပ်ဖော်ထားသည့် “ဖြိုးရဲ - ကူညီ မယ်” နှစ်မျက်နှာကာတွန်း၊ မကောင်းမှုကိုသာ ပြုလုပ်လေ့ရှိရာမှ အမြင်မှန်ရကာ ကောင်းမှုကုသိုလ်ကိုသာ ပြုလုပ်ကြတော့မည့် ကိုလာတို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို သရုပ်ဖော်ထားသည့် “ကောင်းမှု ပြုကြမယ်” နှစ်မျက်နှာကာတွန်း၊ ကျောင်းသင်ခန်းစာများကို ညစဉ်မှန်မှန် ကျက်မှတ်သောကြောင့် အတန်းထဲတွင် အမြဲပထမရသော ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော ကြည့်ဖြစ်တာက” တစ်မျက်နှာကာတွန်း၊ စာဖတ်မည်ဟု ပြောကာ အိပ်ပျော်နေသော ဖိုးတစ်တို အကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။        သုတဆောင်းပါးကဏ္ဍတွင် ကလေးများအနေဖြင့် Vape နှင့် E-cigarette သောက်သုံးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို သိရှိကာ ရှောင်ကြဉ်သင့်ကြောင်း ပညာပေးရေးသားထားသည့် “Vape သို့မဟုတ် E-cigarette အကြောင်း သိကောင်းစရာ” သုတဆောင်းပါး ပါဝင်ပြီး  နံရံကပ်စာစောင် ပြိုင်ပွဲတွင် တစ်ကိုယ်ကောင်းစိတ်မထားဘဲ အခြားသူများ၏ လက်ရာများကို မျှမျှတတ ထည့်သွင်းကာ ဖော်ပြပေးခဲ့၍ ပထမဆုရခဲ့သော မြတ်ဝေတို့အဖွဲ့အကြောင်းကို ရေးသားထားသည့် “ပထမဆု ရသော နံရံကပ်စာစောင်” ဝတ္ထုနှင့် ကြက်သားဟင်းကို ညီအစ်ကိုသုံးယောက် မျှမျှတတ ခွဲဝေမစားဘဲ တစ်ကိုယ် ကောင်းဆန်ကာ မိမိတို့သာ ပိုစားလိုသော အစ်ကိုနှစ်ယောက်၏ ကောက်ကျစ်မှုကြောင့် ကြက်သားဟင်း မစားလိုက်ရသော ညီအစ်ကိုနှစ်ယောက်အကြောင်းကို ရေးသားထားသည့် “အကောင်းဆုံး အိပ်မက်” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်း ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့ စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ရေးပါ ခြယ်ပါ ပျော်စရာ”ကဏ္ဍနှင့် ငလျင်ဘေးအန္တရာယ် ကျရောက် ပါက လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များကို ထည့်သွင်း‌ဖော်ပြ ထားသည့် အသိပေးနှိုးဆော်ချက်များ၊ ကလေးများအနေဖြင့် ဘဝရည်မှန်းချက်ထားကာ ကြိုးစားကြပုံကို သီကုံးရေးဖွဲ့ထားသည့် “ပြည်ချစ်သူ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များ အပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စကားပြောများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ