၉-၁၁-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၅)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၅)၌ ကုန်းချောစကားပြောခြင်းသည် အချင်းချင်း စည်းလုံးချစ်ခင်မှုကို ပျက်စေတတ်ကြောင်း တင်ဆက်ထားသည့် “ကြားစကား” မျက်နှာဖုံး ကာတွန်း၊ လွန်ဆွဲတမ်း ကစားကြသော ကီးကီနှင့် ဂျိုးဂျိုးအကြောင်း သရုပ်ဖော်ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနဲ့ လွန်ဆွဲပွဲ” နှစ်မျက်နှာကာတွန်း၊ ကိုယုန်သည် သူ၏ ပန်းချီဆွဲနိုင်မှု စွမ်းရည်ကို သူငယ်ချင်းများထံ အချိန်မီ ပြသလိုက်နိုင်ပုံအကြောင်း တင်ဆက်ထားသည့် “လျှပ်တစ်ပြက် ပန်းချီ” နှစ်မျက်နှာဟာသကာတွန်း၊ ဘာမှ မကစားရသေးဘဲ တစ်ကိုယ်လုံး ညစ်ပတ်ပြီးပြန်လာသော ဖြိုးရဲကို အမေဖြစ်သူက အပြစ်ပေးသည့်အကြောင်း ရေးဖွဲ့ထားသော “ဖြိုးရဲ ပါဝင်သည့် ကံမကောင်းပါ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း အချင်းချင်း  ဉာဏ်စမ်းမေးခွန်းများကို အပြန် အလှန် မေးကြပုံအကြောင်း တင်ဆက်ထားသည့် “ပန်ပန်နဲ့ ဉာဏ်စမ်း” တစ်မျက်နှာကာတွန်းနှင့် ကိတ်မုန့်အသစ် ပြန်ဝယ်ပေးရန် အဖေ့ထံ တောင်းဆိုလိုက်သော ဘယ်ကျော်အကြောင်း ဟာသ ဖြစ်ဖွယ် တင်ဆက်ထားသည် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် အမြီးထဲတွင် အာဟာရသိုလှောင်တတ်သော တောက်တဲ့အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် ခေတ်မီ လယ်ယာသုံးစက်ကြီးများကို ပိုမိုဆန်းသစ် တီထွင်နိုင်ရန် ငယ်ရွယ်ချိန်ကတည်းက စာကို ကြိုးစား သင်ယူကြမည်ဆိုသော ညီအစ်မနှစ်ယောက်အကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ရယ်မောပျော်ရွှင်စွာ နေထိုင်ခြင်းက သူ၏ ရောဂါကို ပိုပြီး သက်သာလာအောင် ကုသနေခြင်းဖြစ်ကြောင်းကို သတိထား မိသွားသော ဘီလီအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် ကြွက်ခုပ်ကောင်းသော ကြောင်အကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းရွှေမိုး၏ “ပူစီကြောင်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အသုံးဝင်၊ အသုံးများသော နေ့စဉ်သုံး အင်္ဂလိပ်စကားအသုံးအနှုန်းများ အကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

 ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ