၂၈ - ၉ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၉) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၃၉)၌ မီးတောက်ထဲတွင် ပိတ်မိနေသော မြွေကြီးကို အသက်ဘေးကလွတ်အောင် ကယ်တင်ပေးလိုက်ရာမှ မိမိတွင်လည်း ကောင်းကျိုးချမ်းသာများ ရရှိခဲ့သော ထင်းခုတ်သမားလေး ဖိုးမောင်အကြောင်း တင်ဆက်ထားသည့် “သေတ္တာကို ဖွင့်ကြည့်လိုက်ပါ” မျက်နှာဖုံးကာတွန်း၊ နမော်နမဲ့နိုင်သော ဂျိုးဂျိုးအကြောင်း တင်ဆက်ထားသည့် “ကီးကီနှင့် ဂျိုးဂျိုး” နှစ်မျက်နှာကာတွန်း၊ ခခွေး၏ မိုးလေဝသခန့်မှန်းပေးသော ပစ္စည်းအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ကကြီး၊ ခခွေး” နှစ်မျက်နှာကာတွန်း၊ တန်ဖိုးရှိသော ပစ္စည်းများကို ကျောင်းသို့ ယူမလာသင့်ကြောင်း နားလည် သ‌ဘောပေါက်သွားသော ဟယ်ရီအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဆရာမစကား” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို အလွယ်တကူအပြစ်ပြောမိရာက မိမိတွင်လည်း အပြစ်မကင်းကြောင်း သတိပြုမိသွားသော လေးဖြိုးနှင့် လင်းသစ်တို့အကြောင်း တင်ဆက်ထားသည့် “လင်းသစ်” တစ်မျက်နှာ ကာတွန်းနှင့် ကိတ်မုန့်ဆိုင်ကို သူခိုးဝင်ခိုးသည့်အကြောင်းနှင့် ပတ်သက်၍ ဟာသဖြစ်ဖွယ် တင်ဆက်ထား သည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ဖရဲသီးစားပေးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ရက်လွန်မုန့်များကို ရောင်းချလေ့ရှိသော ဒေါ်တုတ်ကြီး၏ မုန့်ဆိုင်ကို ဆိုင်အနီးရှိ ရက်လွန်အပင်ဟုဆိုနိုင်သော သစ်ပင်အို ကြီးက လှဲချအပြစ်ပေးလိုက်ပုံအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ကိုယ့်အားကိုယ်ကိုး နေထိုင်စားသောက်ပြီး သူတစ်ပါးကိုလည်း ကူညီလုပ်ကိုင် ပေးတော့မည်ဆိုသော ဖိုဝအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာနိုင်ငံရှိ ရေမြေတောတောင် သဘာဝအလှ များအကြောင်း ရေးဖွဲ့ထားသည့် ဆရာ ဌေးကြည် (စလင်း) ၏ “ချစ်ခြင်းဆေးရောင်စုံ” ကဗျာကဏ္ဍတို့ကို လည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အသုံးဝင်၊ အသုံးများသော နေ့စဉ်သုံး အထူးစကားအသုံးအနှုန်းများအကြောင်းကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ