ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၇)၌ မိမိ၏ အစအနောက်သန်မှုကြောင့် သူတစ်ပါး ဒုက္ခရောက်ရပုံအကြောင်း တင်ဆက်ထားသည့် “အစအနောက်သန်သူ” မျက်နှာဖုံးကာတွန်း၊ ရေမြောင်းကူးတံတားကို ကူထိုးပေးရာက ကုသိုလ်လည်းရ ဝမ်းလည်းဝခဲ့ပုံအကြောင်း ရေးဖွဲ့ထားသည့် “လင်းသစ်ပါဝင်သည့် ကုသိုလ်လည်းရ ဝမ်းလည်းဝ” နှစ်မျက်နှာကာတွန်း၊ ပုစဉ်းလေး၏ ခြေထောက်တွင် အပ်ချည်ကြိုး ချည်၍ ကစားတတ်သော လူမော်သည် ကိုယ်ကိုယ်တိုင် နာကျင်မှုကို ခံစားရချိန်တွင်မှ ပုစဉ်းလေး များအပေါ် ကိုယ်ချင်းစာစိတ် ဖြစ်သွားပုံအကြောင်း ရေးဖွဲ့ထားသည့် “ပုစဉ်းပြိုင်ပွဲ” နှစ်မျက်နှာ ကာတွန်း၊ မိတ်ဆွေများဖြစ်ကြသည့် ခွေးနှင့် ကြက်တို့သည် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ကူညီ ကြပုံအကြောင်း ရေးဖွဲ့ထားသည့် “မိတ်ဆွေကောင်း” နှစ်မျက်နှာကာတွန်း၊ လပတ်စာမေးပွဲတွင် အမှတ်နည်းရသည့်အကြောင်းရင်းကို ရှင်းပြလိုက်သော ဟန်သီမအကြောင်း တင်ဆက်ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်းနှင့် တီဗွီတွင် ပြသသည့်အတိုင်း လိုက်လုပ်မိရာက အလွဲများဖြစ်သွားသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ခန္ဓာကိုယ် ကျန်းမာစေရန်နှင့် သန်မာကြီးထွားစေရန်အတွက် အာဟာရ ပြည့်ဝသည့် အစားအစာကို စနစ်တကျ စားသုံးသင့်ကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထား ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ရွှေအဆင်း၊ ငွေအဆင်း နှစ်မျိုးစလုံးဖြင့် ယနေ့တိုင် တင့်တယ် လှပစွာရှိနေသော ဖိုးလမင်းကြီး၏ ဒဏ္ဍာရီပုံပြင်အကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကိုကိုနှင့် ညီညီတို့သည် မြွေကိုက်ခံရသော ဖားလေးကို အသက်ဘေးကလွတ်အောင် ကယ်တင် လိုက်ပုံအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီ လက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍနှင့် သစ်တောသစ်ပင်များ ရှိနေခြင်းနှင့် သစ်ပင်များကို စိုက်ပျိုးခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ ကိုငြိမ်းငယ် (ကျွန်းဒေါင့်)၏ “သစ်ပင်စိုက်ကြစို့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် အသုံးဝင်၊ အသုံးများသော နေ့စဉ်သုံး အင်္ဂလိပ်စကား အသုံးအနှုန်းများနှင့် ပတ်သက်သည့် လေ့ကျင့်ခန်းသစ်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။