ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၃၆)၌ အိမ်စောင့်ထားခဲ့ရာမှ ဆပ်ပြာတုံးကို လှေထွင်းကာ ဆော့ကစားသော ဉာဏ်ကောင်းသည့် တူးနိုင်အကြောင်းကို ရေးဖွဲ့ထားသည့် “ဆပ်ပြာလှေ” မျက်နှာဖုံးဇာတ်လမ်း၊ အပေါင်းအသင်းများအပေါ် အနိုင်ကျင့်၍ မိမိတစ်ကောင်တည်း အဖော်မဲ့စွာ နေထိုင်သွားရသော ကျားကြီး အကြောင်းကို ရေးဖွဲ့ထားသည့် “မိတ်ဆွေစစ်” နှစ်မျက်နှာကာတွန်း၊ နေမကောင်း၍ အပြင်ထွက်မရ ဖြစ်ရာမှ လှောင်အိမ်ထဲတွင် ထည့်သွင်းမွေးမြူထားခြင်းခံရသော ကြက်တူရွေးလေးကို ကိုယ်ချင်းစာကာ လွတ်လပ်မှုပေးလိုက်သော ပုပုအကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် ပျံပါစေတော့” နှစ်မျက်နှာ ကာတွန်း၊ အသက်အရွယ်ကြီးလာ၍ ကြွက်မခုတ်နိုင်တော့သော ကြောင်အိုကြီးကို အပြစ်မတင်ဘဲ ငယ်ရွယ်စဉ်အခါက သခင်အတွက် လုပ်ကိုင်ပေးခဲ့သည်များကို ပြန်သတိရသင့်ကြောင်း သင်ခန်းစာရဖွယ် တင်ဆက်ထားသည့် “ပြန်သတိရပါ” နှစ်မျက်နှာကာတွန်း၊ အားလပ်ချိန်၌ မိဘများ၏ အိမ်အလုပ်ကို ကူညီလုပ်ကိုင်ပေးသင့်ပုံနှင့် မိမိ၏ ကျောင်းစာကိုလည်း ကြိုးစားသင်ယူသင့်ပုံတို့ကို တင်ဆက်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်းနှင့် ညီညီ ကျောင်းမတက်သည့်အကြောင်းကို ဖိုးလုံးတို့သူငယ်ချင်း နှစ်ယောက်ပြောဆိုနေပုံကို ရေးဖွဲ့ထားသည့် “နေမကောင်းဘူးလို့” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကလေးများအနေဖြင့် စီးပွားရေးလုပ်ဆောင်ချက်များအကြောင်းကို လေ့လာနိုင်ရန် ကစ်ဒီနောမစ် ခေါင်းစဉ်ဖြင့် ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။ ကလေးများအနေဖြင့် ငယ်ရွယ်စဉ်အခါ၌ ပညာကို ကြိုးစားသင်ယူသင့်ပုံအကြောင်း တင်ဆက်ထားသည့် “အလင်းတစ်စက် လင်းလျက်သာ” ဝတ္ထုနှင့် သိုးရေခြုံကာ သိုးများကို ကိုက်ဖြတ်စားသောက်နေသော မြေခွေးသည် နောက်ဆုံး၌ ခြင်္သေ့ကြီး၏ ကိုက်ဖြတ်စားသောက်ခြင်းကို ခံခဲ့ရပုံကို တင်ဆက်ထားသည့် “ရိုးတဲ့သိုးနဲ့ ဆိုးတဲ့မြေခွေး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သ နိုင်မည့် “ဆေးရောင်လှလှခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် ကလေးများအနေဖြင့် ပညာကို ရည်မှန်းချက် ထားကာ ကြိုးစားသင်ယူသင့်ကြောင်း တင်ဆက်ထားသည့် “ရည်မှန်းချက်” ကဗျာတို့ကို တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာအနေဖြင့် သူငယ်ချင်းကို ညစာစားပွဲဖိတ်ကြားပုံကို ပုံစံအမျိုးမျိုးနှင့် ရေးသားတင်ဆက်ထားသည်ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။