ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၁၅)၌ အစားမက်ပြီး ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ လုပ်ဆောင်တတ်သော အကျင့်ကြောင့် ဒုက္ခ ရောက်ရသော ဖက်တီးအကြောင်းကို တင်ဆက်ထားသည့် “ဖက်တီးရဲ့ လက်စွမ်း” မျက်နှာဖုံးကာတွန်း၊ မိမိတွင်ရှိသော ပိုက်ဆံကို အဘွားအိုအား လှူဒါန်းလိုက်သောကြောင့် မိမိစားလိုသော ပေါက်စီကို စားရ သည့် ချက်စူအကြောင်းကို ရေးဖွဲ့ထားသည့် “ချက်စူရဲ့ ဒါနအကျိုး” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို အထင်သေးကာ အကြွားသန်သော မျောက်အကြောင်းကို ရေးဖွဲ့ထားသည့် “အကြွားသန်တဲ့မျောက်” နှစ်မျက်နှာကာတွန်း၊ ကံ၊ ဉာဏ်၊ ဝီရိယတို့ ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုရရှိခဲ့ပုံအကြောင်းကို အတုယူဖွယ် ရေးဖွဲ့ထားသည့် “ကံ၊ ဉာဏ်၊ ဝီရိယ” နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ ပြောတတ်သော ကျော်ကြီးအကြောင်းကို ရေးဖွဲ့ထားသည့် “ကျော်ကြီး” တစ်မျက်နှာကာတွန်းနှင့် မိဘပိုက်ဆံကို စိတ်ကူးဖြင့်သာ သုံးလိုက်သော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ကလေးများအနေဖြင့် အင်ဂျင်စက်များ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “အင်ဂျင်စက်ကို တီထွင်ခြင်း” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိဘကျေးဇူးကို သိတတ်သည့် စိုးအောင်နှင့် သူငယ်ချင်းကို အလွန်ချစ်ခင်သော စိုးနောင်တို့ သူငယ်ချင်း နှစ်ယောက်အကြောင်းကို တင်ဆက်ထားသည့် “ချစ်သူငယ်ချင်း” ဝတ္ထုနှင့် တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကူညီရိုင်းပင်းခြင်းကြောင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သော ပူစီလေးနှင့် အပြန်အလှန် ရိုင်းပင်းကူညီရန် လိုအပ်ကြောင်းသိရှိသွားသည့် ခွေးပုလေးနက်ကျားတို့အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ချစ်ခင်ရိုင်းပင်း သူငယ်ချင်း” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် သင်္ကြန်ကာလတွင် ဖူးပွင့်လေ့ရှိသော ပိတောက်ပန်းများနှင့် မြန်မာ့ဓလေ့ ကောင်းမှုကုသိုလ် ပြုလုပ်ပုံတို့အကြောင်းကို ဖော်ကျူးရေးဖွဲ့ထားသည့် “နှစ်သစ်ချိန်” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် Relative Pronoun များကို ပြန်လှန်လေ့ကျင့်ခန်းများနှင့်တကွ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။