ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၃)၌ အတွေ့အကြုံရှိသူတို့၏ စေတနာဖြင့် အန္တရာယ်မဖြစ်စေရန် သတိပေးစကားပြောသည်ကို မစဉ်းစားမဆင်ခြင်ခဲ့မိရာက အသက်ဘေးနှင့် ရင်ဆိုင်ရလုနီးပါးဖြစ်ခဲ့သော ခါချဉ်လေးအကြောင်း သရုပ်ဖော်ထားသည့် “စွန့်စားချင်တဲ့ ခါချဉ်လေး” မျက်နှာဖုံးကာတွန်း၊ လျှပ်စစ်အပူ လွန်ကဲခြင်းကြောင့် မီးလောင်မှုဖြစ်ပွားရာ ဂျာရစ်နှင့် သူ၏ သူငယ်ချင်းတို့၏ ဝိုင်းဝန်း ကူညီမှုဖြင့် မီးကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပုံအကြောင်း သရုပ်ဖော်ထားသည့် “ဂျာရစ်တို့ သင်္ကြန်” နှစ်မျက်နှာကာတွန်း၊ ဖိုးထူးသည့် သူငယ်ချင်း သူဇာတို့အိမ်တွင် မုန့်စားရန် အကြံကောင်း ရရှိသွားခဲ့ပုံအကြောင်း တင်ဆက်ထားသည့် “ဖိုးထူး” နှစ်မျက်နှာကာတွန်း၊ လမ်းပေါ်တွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် သုံးစွဲပြီး မက်စ်အဟောင်းများကို လိုက်ကောက်ပြီး စုပုံကာ မီးရှို့နေသည့် ဦးလူရှိန်အကြောင်း သရုပ်ဖော်ထားသည့် “နိုးတူးနှင့် တုံတုံ” နှစ်မျက်နှာကာတွန်း၊ သူများက ပိုက်ဆံမချေးသောကြောင့် အကြွေးမရှိတော့ဘဲ အကြွေးကင်းသူဖြစ်သွား သော ကိုအူလည်ကြီး အကြောင်း ရေးဖွဲ့ထားသည့် “ကိုအူလည်- ကြွေးကင်းသူ” တစ်မျက်နှာကာတွန်းနှင့် ကြက်ဥသုံးလုံးကို တစ်ခါတည်း ပြုတ်လို့ရကြောင်း ရေးဖွဲ့ထားသည့် “ဂန္ထဝင်ခင်ခင်ပြူးနှင့် အပေါင်း အသင်းများ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် မတူညီသော စက်ဘီးဒီဇိုင်းများကို ပိုမိုခေတ်မီကောင်းမွန်အောင် တီထွင်ခဲ့ကြပုံ အကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုတိုကဏ္ဍတွင် အနာဂတ်၏ အညွန့်အဖူးလေး များဖြစ်သည့် သားသား၊ မီးမီးတို့သည် သဘာဝ၏ လှပခြင်းအနုပညာကို မြတ်နိုး တန်ဖိုးထားတတ်ပြီး အလှအပကို ဖန်တီးတန်ဆာဆင်မည့်သူများဖြစ်ကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် သားသား၊ မီးမီးတို့အနေဖြင့် အချင်းချင်း သူငယ်ချင်း မိတ်ဆွေဖြစ်ဖို့ရန် အတွက် ခန္ဓာကိုယ်အချိုးအစားနှင့် အရည်အချင်းများ တူနေရန် မလိုအပ်ဘဲ တစ်ယောက် မလုပ်နိုင် သည်ကို တစ်ယောက်က ကူညီပေးရင်း ကိုယ်ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနေထိုင်တတ်ရမည်ဖြစ် ကြောင်း ရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာ ကဏ္ဍနှင့် သားသား၊ မီးမီးတို့အနေဖြင့် အသိပညာ ဗဟုသုများ တိုးပွားပြီး တွေးခေါ်စွမ်းရည်များ တိုးစေရန် စာပေမျိုးစုံ ဖတ်ကြရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာမောင်ထည်ဝါ (ပျော်ဘွယ်)၏ “စာကြည့်တိုက်သို့ သွားကြစို့” ကဗျာကဏ္ဍ တို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် Relative pronouns များဖြစ်သည့် that, who နှင့် which တို့၏ အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊ ၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။