ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၁၂)၌ မိမိတို့၏ ပင်ကိုရိုးသားမှုကို မကောင်းမွန်သောအရောင်များဖြင့် မဆိုးသင့်ကြောင်း ပညာပေး တင်ဆက်ထားသည့် “အရောင်မဆိုးချင်ပါနဲ့” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးများအား မိမိတို့၏ နေရပ်ဒေသကို တန်ဖိုးထားချစ်မြတ်နိုးတတ်စေရန် တင်ဆက်ထားသည့် “ဒေသ” နှစ်မျက်နှာကာတွန်း၊ လူသားအားလုံးကို ဒုက္ခရောက်စေမည့် မူးယစ်ဆေးဝါးများကို ရောင်းချခြင်းကြောင့် ဒုက္ခနှင့် ကြုံတွေ့ ရပုံကို ရေးဖွဲ့ထားသည့် “ကိုတိုး- ကိုမိုး ပါဝင်သော မူးယစ်ဆေး” နှစ်မျက်နှာကာတွန်း၊ ကလေးများ အနေဖြင့် တွဲဖက်မစားသင့်သော အစားအစာများ ရှိကြောင်းနှင့် အစားအသောက်များကို စားသောက်ရာ၌ သတိထားဆင်ခြင်နိုင်စေရန် တင်ဆက်ထားသည့် “တာတေ- တော်ပါသေးရဲ့” နှစ်မျက်နှာကာတွန်း၊ အလှူအိမ်သို့သွားရာ၌ မိမိဖိနပ်မပျောက်စေရန် ထားတတ်သော ဖြတ်ထိုးဉာဏ်ကောင်းသည့် ကိုလာ အကြောင်းကို ရေးဖွဲ့ထားသည့် “တောင်တစ်ဖက် မြောက်တစ်ဖက်” တစ်မျက်နှာကာတွန်း၊ သူတစ်ပါး နားခံသာအောင် ပြောဆိုတတ်သော ဘကြီးဖြိုး၏ စကားကို သဘောကျကြောင်း တင်ဆက်ထားသည့် “ပိုင်ဇင်သန့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ သောက်ရေအိုးစင်တင်ကြပုံအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “မြန်မာ့ဓလေ့ သောက်ရေအိုးစင်” သုတဆောင်းပါးကို တင်ဆက် ထားပါသည်။ တောရွာဓလေ့ ကလေးများ၏ လွတ်လပ်စွာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆော့ကစား ကြပုံကို တင်ဆက်ထားသည့် “ပုန်းစလုတ်” ဝတ္ထုနှင့် သူတစ်ပါးကို ကူညီပါက မိမိတွင်လည်း ကောင်းကျိုး ချမ်းသာရနိုင်ပုံကို ကလေးများအား အတုယူဖွယ် တင်ဆက်ထားသည့် “စေတနာ၏ ကောင်းကျိုး” ပုံပြင် တို့ကိုလည်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ထည့်သွင်း ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံကို မိမိတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်း၊ တပ်မတော်နေ့အကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့စပ်ဆိုထားသည့် “တပ်မတော်နေ့” ကဗျာ တို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တက္ကသိုလ်စတက်သည့် ကျောင်းသားသစ်ကို ကျောင်းတက်ရာ၌ အဆင်ပြေမပြေ၊ အခြေအနေ မည်သို့ရှိသနည်း စသည်ဖြင့် မေးမြန်းပြောဆိုပုံကို အသုံးအနှုန်းအမျိုးမျိုးဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။