ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၉)၌ မိမိတို့၏ မှားယွင်းသောလုပ်ဆောင်ချက်များကို သတိမပြုမိဘဲ သူတစ်ပါးကိုသာ အပြစ်မြင် တတ်သော သားသမီးများကို ဆုံးမသည့်အကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “မေတ္တာရေစင်” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်းမပြုဘဲ မိမိတို့တတ်နိုင်သည့် ဘက်မှ ကူညီလုပ်ဆောင်ပေးခြင်းဖြင့် ရယူသင့်ကြောင်း အတုယူဖွယ် တင်ဆက်ထားသည့် “ချက်စူရဲ့ စားမယ်ဝါးမယ်” နှစ်မျက်နှာကာတွန်း၊ တစ်တောတည်းအတူနေ တိရစ္ဆာန်အချင်းချင်း တစ်ကောင်နှင့် တစ်ကောင် ကူညီရိုင်းပင်းကာ နေထိုင်သင့်ကြောင်း တင်ဆက်ထားသည့် “ကယ်တင်ခြင်း” နှစ်မျက်နှာ ကာတွန်း၊ ကိုရွှေရိုးနှင့် ကိုစောဟန်တို့နှစ်ယောက် မုန့်ဟင်းခါးစားပစ်၍ လမ်းစရိတ်ကုန်ကာ ဘတ်စ်ကား ပေါ်တွင် အရှက်ရခဲ့ပုံကို တင်ဆက်ထားသည့် “ရွှေရိုးနှင့် မုန့်ဟင်းခါး” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို ပြက်ရယ်ပြုခြင်းသည် မိမိကိုယ်တိုင်တွင်လည်း ပြန်လည်ခံရတတ်သည့် အကြောင်းကို သိရှိနိုင်ရန် ရေးဆွဲထားသည့် “နိုးတူး” တစ်မျက်နှာကာတွန်းနှင့် ပိုက်ဆံချေးမှာကြောက်သော သူငယ်ချင်းများ အကြောင်းကို တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ရေတံခွန်များအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ရေတံခွန်များ” သုတဆောင်းပါးကဏ္ဍကို တင်ဆက်ထားပါသည်။ မိသားစုအချင်းချင်း တစ်ဦးမကြိုက် သည့်အရာကို တစ်ဦးက မပြုမူဘဲ သင့်မြတ်စွာ နေထိုင်သင့်ကြောင်း အတုယူဖွယ် တင်ဆက်ထားသည့် “ချမ်းမြေ့ကြပါစေ” ဝတ္ထုနှင့် သူတစ်ပါးက စေတနာထားကာ ပြောဆိုသည့်စကားကို အလေးထား နေထိုင်ဆောင်ရွက်သင့်ကြောင်းနှင့် အကြောင်းအရာကိစ္စတစ်ခုခု ကြုံတွေ့လာပါက ဉာဏ်ပညာဖြင့် ဖြေရှင်းဆောင်ရွက်သင့်ကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “လယ်သမား၏ ဉာဏ်စွမ်း” ပုံပြင် တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထား သည့် “ရွှေသွေးတို့လက်ရာ”ကဏ္ဍ၊ ပေးထားသောရုပ်ပုံကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ရေးဖွဲ့ထားသည့် “မူးယစ်ဟူက ချေမှုန်းကြ” ကဗျာတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် Relative Pronoun နှင့် ဆက်သွယ်ထားသည့် ဝါကျများ အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာနိုင်မည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ”ကဏ္ဍကို လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။