၁၁ - ၂ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၆) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၆)၌ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  တင်ဆက်ထားသည့် “ပြည်ထောင်စုနေ့” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်းများအနေဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်ကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သင့်ကြောင်း တင်ဆက်ထား သည့် “ဇီးကွက်ရုပ်” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်တိုင် ကြိုက်နှစ်သက်ခြင်း မရှိသော အရာများကို သူတစ်ပါးအား မပြုလုပ်သင့်ကြောင်း တင်ဆက်ထားသည့် “ကိုယ်ချင်းစာပါ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းဖြစ်သူ သံစူး၍တုတ်ကောက်နှင့် သွားရသည်ကို ကဲ့ရဲ့ခဲ့သော ပုပုသည် မိမိအလှည့်တွင် သူငယ်ချင်းများက မကဲ့ရဲ့ဘဲ ကူညီသည်ကိုတွေ့ရပြီး နောင်တရသွားပုံကို ရေးဖွဲ့ထားသည့် “မလှောင် ပြောင်တော့ပါ” နှစ်မျက်နှာကာတွန်း၊ မိမိစားချင်သော အစားအစာများကို ချက်ပြုတ်စားနိုင်သည့် စာဖိုမှူးဖြစ်ချင်သော မောင်ချစ်မင်းအကြောင်းကို တင်ဆက်ထားသည့် “စားဖိုမှူး ဖြစ်ချင်သူ” တစ်မျက်နှာ ကာတွန်းနှင့် သူငယ်ချင်းဖြစ်သူမှ ဖူးငယ်ကို သူ၏ ဆရာ၊ ဆရာမများထဲမှ မည်သူ့ကို အချစ်ဆုံးလဲဟု မေးသည်ကို တင်ဆက်ထားသည့် “ဖူးငယ်”  မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများအနေဖြင့် စကားပြောဆိုရာတွင် ပြောသင့်သည့်စကားနှင့် မပြောသင့်သည့်စကားကို ခွဲခြားသိနားလည်ရန်အတွက် “ပြောသင့်သည့်စကားနှင့် မပြောသင့်သည့်စကား” ဆောင်းပါးကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို စာစီကုံးရေးဖွဲ့ထားသည့် “ပြည်ထောင်စုနေ့အကြောင်း တစေ့တစောင်း” စာစီစာကုံးနှင့် ကလေးများအနေဖြင့် မိခင်တို့၏ မေတ္တာကြီးမားပုံကို သိရှိနိုင်ရန်နှင့် အလေးထားပုံကို တင်ဆက်ထားသည့် “မာတာမိခင်” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ”၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် ပြည်ထောင်စုနေ့အကြောင်းကို ရေးဖွဲ့ထားသည့် “ပြည်ထောင်စုနေ့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် အတန်းမတက်ဖြစ်၍ သူငယ်ချင်းဆီမှ စာအုပ်ငှားရာ၌ အပြန်အလှန်ပြောဆိုသော အကြောင်းအရာများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ