အာရှနှင့် ပစိဖိတ်ဒေသအတွင်း နေထိုင်ကြသည့် လူပုဂ္ဂိုလ်များအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန် နားလည်စေရေး ရည်ရွယ်ချက်ဖြင့် အာရှနှင့်ပစိဖိတ်ဒေသ ယဉ်ကျေးမှုဌာန ယူနက်စကို (ACCU) တိုကျို၊ ဂျပန်နိုင်ငံက ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ယူနက်စကိုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေးလူငယ် စာစဉ်များကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာစဉ်များအနက် “နိုင်ငံတကာ စာတတ်မြောက်မှုနှစ်” အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ကလေးရုပ်ပြစာအုပ် "Guess What I’m Doing!" ကို စာပေဗိမာန်၊ ဘာသာပြန်ဌာန စာတည်းများက မြန်မာဘာသာသို့ ဘာသာပြန်ဆို၍ "သူတို့ဘာတွေ လုပ်နေကြပါလိမ့်" အမည်ဖြင့် ထုတ်ဝေလိုက်ပါသည်။
"သူတို့ဘာတွေလုပ်နေကြပါလိမ့်" စာအုပ်သည် ကမ္ဘာပေါ်ရှိ မတူညီသော ပထဝီအနေအထား၊ မြေမျက်နှာသွင်ပြင်နှင့် သဘာဝပတ်ဝန်းကျင်တို့တွင် နေထိုင်ကြသော လူသားမျိုးနွယ် အသီးသီး၏ တစ်မူထူးခြားသော ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ပွဲတော်များ၊ ကစားနည်းများနှင့် အစားအစာများကို ကလေးများ၏ ရှုထောင့်မှ စိတ်ဝင်စားဖွယ် တင်ပြထားသည်။ ကမ္ဘာ့နိုင်ငံများမှ ကလေးဇာတ်ကောင် ၁၁ ဦး၏ နေ့စဉ်လူမှုဘဝတွင် လှုပ်ရှားဆောင်ရွက်မှုများကို နှိုင်းယှဉ်ဖတ်ရှုနိုင်မည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
ဤစာအုပ်ကို ကျောင်းစာကြည့်တိုက် သို့မဟုတ် အိမ်များတွင် ထားရှိ၍ ဆရာ၊ ဆရာမများ၊ လူကြီးမိဘများက ကလေးလူငယ်များ နိုင်ငံတကာယဉ်ကျေးမှုများကို နားလည်စေရေးအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။
"သူတို့ဘာတွေလုပ်နေကြပါလိမ့်" စာအုပ်ကို ကြွေစက္ကူရောင်စုံပုံများနှင့် ပုံနှိပ်ထားပြီး တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် ရန်ကုန်၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။