၅-၁၁-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၅)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၅)၌ ငွေကို သုံးသင့်သည်ကိုပဲသုံးပြီး စုသင့်သည်ကို စုရမည်ဖြစ်ကာ အသုံးနှင့် အဖြုန်းအကြောင်း နားလည်သွားသည့် နီတာ၏သူငယ်ချင်းများကြောင်း ရေးဖွဲ့ထားသည့် “အသုံးနှင့် အဖြုန်း” မျက်နှာဖုံးကာတွန်း၊ သူစိမ်းတစ်ယောက်ကို ဦးလေးဟုထင်မှတ်ကာ အိမ်ထဲခေါ်မိရာက ဒုက္ခရောက်သွားသော ကိုစည့်အဖြစ်ကို ရေးဖွဲထားသည့် “ကိုစည်နှင့် မုန့်ဖိုးမက်လို့” နှစ်မျက်နှာ ကာတွန်း၊ မွေ့ရာအသစ်ကို လုနေကြသော ပါပီနှင့် ပင်ကီတို့သည် နောက်ဆုံးတွင် ပူစီ၏အိပ်ရာ ခြင်းထဲတွင်သာ အတူနေခဲ့ရပုံကို ရေးဖွဲ့ထားသည့် “အေးအတူ ပူအမျှ” နှစ်မျက်နှာကာတွန်း၊ ဘကြီးဖြိုး၏ ဦးဆောင်မှုဖြင့် အော်ဂဲနစ်သီးနှံများကို တက်ညီလက်ညီဖြင့် စိုက်ပျိုး၊ ပြုစုကြပြီး ရရှိလာသည့်သီးနှံများကို အညီအမျှ ခွဲဝေယူကြသည့် ပုပုတို့သူငယ်ချင်းတစ်စုအကြောင်း ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် အော်ဂဲနစ်” နှစ်မျက်နှာကာတွန်း၊ မိုးပျံပူဖောင်းများစွာကို စနစ်တကျ မကိုင် တတ်ခြင်းကြောင့် လူပါ မိုးပျံပူဖောင်းနှင့် အတူ ပါသွားသည်ကို သရုပ်ဖော်ထားသည့် “ရွှေချည်ဇာနှင့် သူ့မောင်” တစ်မျက်နှာကာတွန်းနှင့် ခွေးလိမ္မာလေးကို ဝယ်မွေးမိရာက နောင်တရမိကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” မျက်နှာ ဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍအ‌နေဖြင့် လူတို့၏ ဦးနှောက်ရှိ မှတ်ဉာဏ်၏အလုပ်လုပ်ပုံအကြောင်း ဗဟုသုတ ဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် မြန်မာတို့၏ အဆာပြေစာအတွက်ပါ စားနိုင်သည့် မုန့်ပဲသရေစာအမျိုးမျိုးအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဘဝတွင် လူတစ်ယောက် ကို သူ့အတွေးက အမြဲတမ်းဦးဆောင်နေခြင်းကြောင့် ကောင်းသောအရာကို တွေးပါက ရလဒ်ကောင်းများ ကို ရရှိစေနိုင်ကြောင်း ရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာ များကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာတို့၏ တန်ဆောင်တိုင် အချိန်အခါ သမယတွင် ပြုလုပ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် ဆရာမင်းနီခိုင် (မောင်တော) ၏ “တန်ဆောင်တိုင်ည” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက် ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စကားလုံး သမ္ဗန္ဓ(Conjunction) များဖြစ်သည့် both… and ၊either… or ၊ neither…nor တို့နှင့် အခြား Conjunction တို့၏ အသုံးနှင့်ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။ 

  ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊၀၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ