၁၀ - ၉ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃၇) ၌ မုဆိုးများ၏ ထောင်ချောက်ထဲတွင် ဖမ်းမိထားသော တိရစ္ဆာန်များကို ကယ်တင်ပေးခဲ့သော မျောက်ဖိုးစိန်အကြောင်းကို တင်ဆက်ထားသည့် “ဖိုးစိန်က မျောက်တော့ မျောက်” မျက်နှာဖုံးဇာတ်လမ်း၊ ယုန်ပညာရှိက  ဆင်နှင့် ဝေလငါးတို့၏   မာနများကိုလျှော့ချစေပြီး   ကိုယ်စီခွန်အားရှိသောအကြောင်းကို သရုပ်ဖော်ထားသည့် “ခွန်အား ဆိုသည်မှာ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းက အသားဖြူချင်၍ နွားနို့သောက်သော်လည်း အသားမဖြူဘဲ မည်းနေသည့် အကြောင်းကို လင်းသစ်အား မေးမြန်းသည့်အခါ ဟာသလုပ်၍ ပြန်ဖြေပေးပုံကို တင်ဆက်ထားသည့် “လင်းသစ်” တစ်မျက်နှာကာတွန်း၊စက်တင်ဘာလ ၁၆ ရက်တွင် ကျ‌ရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ရေးနေ့အကြောင်းနှင့် အိုဇုန်းလွှာ ပျက်စီးစေခြင်း အကြောင်းရင်းများကို တင်ဆက်ထားသည့် “ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ရေးနေ့” နှစ်မျက်နှာကာတွန်း၊ မိုးတွင်းကာလ ရေမျောလာသော ထင်းတွေဆယ်ရာမှ ငန်းမြွေကြီးကပ်ပါလာသည့် အကြောင်း တင်ဆက်ထားသည့် “ရေမျောသစ်” နှစ်မျက်နှာကာတွန်း၊ နတ်ပြည်ကို တက်ကြည့်ချင်၍ အာကာသယာဉ်မှူး ဖြစ်အောင်ကြိုးစားမည့် ဖိုးလပြည့်အကြောင်းကို တင်ဆက်ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဆက်စပ်နေသည့် အိုဇုန်းလွှာပျက်စီးရခြင်း၊ အကြောင်းရင်းများနှင့်အတူ ကမ္ဘာမြေကြီးစိမ်းလန်းစိုပြည်ရန်အတွက် လူသားအားလုံးတွင် တာဝန်ရှိပုံကို ရေးသားတင်ပြထားသည့် “အိုဇုန်းလွှာအကြောင်း သိကောင်းစရာ” သုတကဏ္ဍ၊ သိုးကလေးသုံးကောင်က သူတို့အမေ၏ မွေးနေ့အတွက် ကိတ်မုန့်လုပ်ပေးပြီး မွေးနေ့ ဆုတောင်းပေးပုံများကို ရေးသားထားသည့် “သိုးကလေးတွေရဲ့ ပီတိ” ပုံပြင်ကဏ္ဍ၊ သူငယ်ချင်းနှစ်ယောက်တွင် တစ်ယောက်၏လိုအပ်ချက်ကို တစ်ယောက်က ကူညီပေးသည့်အကြောင်းကို ရေးသားထားသည့် “အပြန်အလှန်” ၀တ္ထုတိုကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသောရုပ်ပုံကို ကြည့်၍ ငှက်ကလေးတစ်ကောင်အတွက် သူ၏အသိုက်ကို ပျံသန်းသွားရန် လမ်းကြောင်း ရှာပေးစေလိုသည့် ဉာဏ်စမ်းကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် သစ်ပင်များစိုက်ပျိုးသင့်ကြောင်းကို ‌ရေးဖွဲ့ထားသည့် “သစ်ပင်စိုက်မယ်” ကဗျာကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် ဝါကျဆက်စကားလုံး (Conjunction) အကြောင်း ရှင်းလင်းချက်များနှင့်အတူ လေ့ကျင့်ခန်းများပေး၍ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” သင်ခန်းစာကဏ္ဍ တို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ