“မောင်မြေနီ (တမာတော)” ရေးသားသည့် “တစ်နေ့နေ့ထဲက တစ်နေ့” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ ဒုတိယဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“တစ်နေ့နေ့ထဲက တစ်နေ့” စာအုပ်သည် မိုးခေါင်သော ကျေးလက်ဒေသ ရွာတစ်ရွာတွင် လယ်ယာသီးနှံ စိုက်ပျိုးရေးကို ခေတ်မီနည်းပညာများအသုံးပြုလျက် သီးနှံအထွက်တိုးစေရန် ဇာတ်အိမ်ပြု၍ ရေးသားထားသည်။ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူလယ်သမားသင်တန်းကျောင်း၏ လမ်းညွှန်မှုဖြင့် ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းကို ဦးဆောင်သည့် ဘွဲ့ရလူငယ်တစ်ဦးနှင့် ကျေးလက်ရှိ တောင်သူများ၏ ရိုးသားမှုကို အခွင့်ကောင်းယူကာ ငွေကြေးဖြင့် ဖြားယောင်း အမြတ်ထုတ်သည့် မြို့ပေါ်မှ စီးပွားရေးသမားတစ်ဦး၏ စိတ်နေသဘာဝများ၊ မေတ္တာရေးပဋိပက္ခများ၊ မိမိဇာတိရပ်ရွာ၏ ယာသီးနှံစိုက်ပျိုးရေး သာမက စာကြည့်တိုက်များထူထောင်ကာ ရပ်ရွာ လူ့စွမ်းအားဖွံ့ဖြိုးမှုကိုပါ တိုးတက်အောင် ကြိုးစားကြသူများ၊ ခေတ်မီနည်းပညာ အသုံးပြုခြင်း၏ ကျေးဇူးများကို ရသတွင် သုတရောလျက် စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။ ကျေးလက်အငွေ့အသက်နှင့် ပြဇာတ်တွင် ပါဝင်သူတို့၏ စရိုက်များကို ပေါ်လွင်သွက်လက်စွာ ရေးဖွဲ့ထားပြီး ဦးတည်ချက် ကောင်းမွန်သည့် ကျေးလက်သဘာဝ သရုပ်ဖော် ပြဇာတ်ရှည် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။