“သိန်းဇော် (ရွှေလီဦး)” ရေးသားသည့် “ဖားဝိဇ္ဇာနှင့် ကျေးရွာအလှ ဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“သိန်းဇော် (ရွှေလီဦး)” ရေးသားသည့် “ဖားဝိဇ္ဇာနှင့် ကျေးရွာအလှ ဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ်ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ဖားဝိဇ္ဇာနှင့် ကျေးရွာအလှ ဝတ္ထုတိုများ” ဝတ္ထုတို (၁၃) ပုဒ် ပါရှိပြီး ကျေးလက်ဒေသ လူနေမှုဘဝ၊ ရပ်ဓလေ့၊ ရွာဓလေ့၊ အသက်မွေးမှု နိစ္စဓူဝအစုစုကို လှလှပပ ပုံရိပ်ကြွလာစေရန် ဟာသထေ့လုံး၊ ပြုံးစိစိစကားလုံးလေးများဖြင့် ခြယ်မှုန်းထားသည်။ ခေတ်မမီတော့သည့် အကျိုးမဲ့ယုံကြည်စွဲလမ်းမှုများကို ပယ်ပျောက်စေပြီး သိပ္ပံနည်းကျ အကျိုးပြုခေတ်မီနည်းလမ်းများ၊ အတွေးအခေါ်များဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် ညီညာဖြဖြ လူငယ်အချင်းချင်း စာနာရိုင်းပင်း၊ ကူညီလှူဒါန်းကြပုံများကို ဝတ္ထုတိုတစ်ပုဒ်ချင်းအလိုက် အံဝင်ခွင်ကျ၊ ရသပါပါ၊ မြူးကြွစွာဖော်ကျူးရေးသားထားသည်။ ထို့ပြင် ကျေးလက်သဘာဝ၊ သိမှတ်စရာ သုတများကိုပါ ပီပြင်ပေါ်လွင်စေပြီး ကြည်နူးပီတိခံစားရစေသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ