ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၇)၌ မိဘတို့၏ ဆိုဆုံးမမှုကို မနာခံဘဲ မိမိဆန္ဒအတိုင်းလုပ်မိ၍ ဒုက္ခရောက်ရသည့် မောင်လူအေးအကြောင်းကို ရေးဖွဲ့ထားသည့် “မောင်လူအေးရဲ့ နောင်တ” မျက်နှာဖုံးဇာတ်လမ်း၊ မုန့်ဖိုးများ လိမ်ညာတောင်းကာ မိမိနှင့်မတည့်သော သရေစာ မုန့်များ ဝယ်စားမိ၍ ဒုက္ခရောက်ရသော ပေါက်ကျော်အကြောင်းကို တင်ဆက်ထားသည့် “မုန့်ဖိုး မတောင်းတော့ပါ” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အနေဖြင့် ကြိုးစားလုပ်ကိုင်ပါက အောင်မြင်မှုများရရှိနိုင်ကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “ဆုရတီအောင်- ကြိုးစားခြင်း၏ ရလဒ်” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အနေဖြင့် အပျော် အပါးမမက်ဘဲ စာကိုသာ ဂရုစိုက်ကျိုးစားသင့်ပုံကို တင်ဆက်ထားသည့် “ဖိုးထူးပါဝင်သော နောင်တ” နှစ်မျက်နှာ ကာတွန်း၊ ကလေးနှစ်ယောက်၏ ဟာသဖြစ်ဖွယ် အပြန်အလှန် ပြောဆိုကြပုံကို သရုပ်ဖော်ရေးဖွဲ့ထားသည့် “ကျွန်တော့်အဖေ” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် တပို့တွဲလ၌ မြန်မာလူမျိုးတို့ နှစ်စဉ်ကျင်းပလေ့ရှိသော ထမနဲပွဲအကြောင်းကို သိရှိနိုင်စေ ရန် ဗဟုသုတရဖွယ်ရေးဖွဲ့ထားသည့် “တပို့တွဲလ ထမင်းနဲပွဲ” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိတ်ဆွေ ကောင်းကို ဖယ်ရှားကာ မကောင်းသောမိတ်ဆွေကို ပေါင်းဖက်မိ၍ ဒုက္ခရောက်ရသော မျောက်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “မျောက်နဲ့ သရက်သီး” ပုံပြင်နှင့် လူကြီးသူမများ၏ ဆုံးမစကားကို နားမထောင်ဘဲ မိမိ သဘောအတိုင်း ဆောင်ရွက်ခဲ့၍ ဒုက္ခရောက်ခဲ့ရသော နေလင်းညွန့်တို့ ညီအစ်ကိုအကြောင်းကို တင်ဆက်ထားသည့် “ရွာအပြန်” ဝတ္ထုတို့ကိုလည်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသောရုပ်ပုံကို မိမိတို့ စိတ်ကြိုက်အရောင်များ ရွေးချယ်ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းကဏ္ဍအပါအဝင် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုရေးဖွဲ့စပ်ဆိုထားသည့် “တို့ပြည်ထောင်စု” ကဗျာတို့ကို ထည့်သွင်း ဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် Adjective နှင့် Adverb တို့အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။