“စံမြင့်မိုရ်” ရေးသားသည့် “ရေပြာလမ်းနဲ့ ပန်းစုံလင်ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“စံမြင့်မိုရ်” ရေးသားသည့် “ရေပြာလမ်းနဲ့ ပန်းစုံလင်ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။ အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။ “ရေပြာလမ်းနဲ့ ပန်းစုံလင်ကဗျာများ” စာအုပ်တွင် ကဗျာများကို မြန်မာ့ရိုးရာ အစဉ်အလာဂန္ထဝင် ကဗျာနည်းစနစ်အရ ဖွဲ့နည်းစုံလင်ပြီး ကဗျာ အတို၊ အရှည် မျှတစွာ ပါဝင်သည်။ ပင်လယ်နှင့် ယှက်နွယ်သော ကဗျာအများစုဖြစ်သော်လည်း တင်ပြပုံနှင့် ကွာြခားသော ရှုခင်းရှုကွက်၊ ဓလေ့စရိုက်နှင့် အသက်မွေးဝမ်းကျောင်းပြုမှုများကို မထပ်အောင် စုံလင်စွာ ရေးဖွဲ့ထားနိုင်သဖြင့် ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ရှုနေရသကဲ့သို့ သက်ဝင်လှုပ်ရှား စိတ်ဝင်စားရပါသည်။ ပင်လယ်ရှုခင်းကို စာပန်းချီခြယ်ထားပုံမှာ လှပပါသည်။ သာမန် အပေါ်ယံရုပ်မြင်ရသည့် အမြင်မျိုးဖြင့်မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် စေ့စေ့စပ်စပ် လေ့လာရေးဖွဲ့ထားသည်မှာ ထူးခြားပါသည်။ ရသလည်းမြောက်သကဲ့သို့ ဗဟုသုတလည်း ပွားရပါသည်။ ပင်လယ်နှင့် ယှက်နွယ်သည့် အသုံးအနှုန်း ဝေါဟာရများ၊ ဒေသိယ ရိုးရာဓလေ့များကိုလည်း သိရှိရပါသည်။ ပင်လယ်၏သက်ဝင်ပန်းချီကားတစ်ချပ်ကို ရှုထောင့်အမျိုးမျိုးမှ ရေးဖွဲ့ထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ အဆိုပါစာအုပ်ကို တန်ဖိုး ၂၆၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အကြံပြုစာ/တိုင်ကြားစာ