ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၈)၊ အမှတ်(၁၁) တွင် ¬¬¬¬¬¬ အမှားကို မှားမှန်းသိပြီး ပြင်သည့် ဖြိုးရဲနှင့် အမှားကို မှားမှန်း မသိဘဲ အချောင်ခိုသည့် ညီမငယ် ခင်ခင်သန့်တို့အကြောင်းကို သရုပ်ဖော်ထားသည့် “အမှားကိုပြင် ဆင်ခြင်ပါ” မျက်နှာဖုံးကာတွန်း၊ မာန်မာနကြီးသည့် သစ်ပင်ကြီးကို သစ်ခုတ်သမားများက ခုတ်လှဲ လိုက်သည့်အကြောင်းကို သရုပ်ဖော်ထားသည့် “မာနသစ်ပင်” နှစ်မျက်နှာကာတွန်း၊ ထူးထူးမှာ “ငါးမမျှားရ” နေရာတွင် ငါးမျှားမိသည့်အတွက် မိကျောင်းနှင့်တွေ့ကာ ထွက်ပြေးရသည်ကို သရုပ်ဖော် ထားသည့် “ထူးထူးပါဝင်သော ငါးမျှားမယ်” တစ်မျက်နှာကာတွန်း၊ ဖိုးဇော်က အိမ်တစ်အိမ်တွင် ပြတင်းပေါက်များ ဖောက်ထားရသည့် ရည်ရွယ်ချက်ကို သူငယ်ချင်းများကို ရှင်းပြထားပုံကို သရုပ်ဖော် ထားသည့် “ပြတင်းပေါက်” နှစ်မျက်နှာကာတွန်း၊ ဦးဇီးကွက်၏ ဆုံးမပေးမှုကြောင့် ကြွားဝါတတ်သည့် ရွှေဂဲလေးသည် သူ၏အကျင့်ကိုပြင်၍ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ဆော့ကစားသည့်အကြောင်း ကို သရုပ်ဖော်ထားသည့် “ကြက်တူရွေး ငကြွား” နှစ်မျက်နှာကာတွန်းနှင့် သူ၏ ခေါင်းပေါ်သို့ မာလကာသီး ကြွေကျသည်ကို ခဲဖြင့် ပေါက်သည်ထင်ကာ မဆင်မခြင် ဒေါသဖြစ်သွားသည် ပိုင်ပိုင်လေး အကြောင်းကို သရုပ်ဖော်ထားသည့် “ဒေါသစိတ်လေး” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက် ထားပါသည်။
လအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “လမင်းကြီး” သုတဆောင်းပါး ကဏ္ဍ၊ သူငယ်ချင်းများကို ဒေါသ၏ ပူလောင်မှုနှင့် မေတ္တာ၏ အေးချမ်းမှုအကြောင်း ပြည့်စုံသာက ရှင်းပြထားသည်ကို ရေးသားထားသည့် “မေတ္တာသည်သာ အေးမြရာ၏” ဝတ္ထုကဏ္ဍ၊ ကလေးငယ်များသည် မိဘဆရာသမားများ၏ သွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံး၍ အသိပညာများ၊ အတတ်ပညာများ ပြည့်စုံကာ လိုရာပန်းတိုင်ကို ရောက်ရှိနိုင်မည့်အကြောင်း ရေးသားထားသည့် “မိဘဆရာ ရိုသေပါ” ပုံပြင်ကဏ္ဍနှင့် ကျောင်းပိတ်ရက်တွင် မိဘကို တတ်နိုင်သမျှ ကူညီပေးတတ်သည့် ကလေးငယ်အကြောင်းကို သီကုံးရေးစပ်ထားသည့် “ကျောင်းပိတ်ရက်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။