ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၈)၊ အမှတ် (၇)၌ လင်းယုန် ပီပီသသဖြစ်လာရန် လမ်းပြပေးသော မိခင်လင်းယုန်မကြီး၏ စေတနာကို နားလည်သဘောပေါက်သွားသော လင်းယုန်ငယ်အကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးပါ မေမေ” မျက်နှာဖုံးကာတွန်း၊ စပါးရိတ်ချိန်နှင့် ပတ်သက်၍ ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဂန္ထဝင် ခင်ခင်ပြူးနှင့် အပေါင်းအသင်းများ” နှစ်မျက်နှာကာတွန်း၊ ကုန်သည်သူဌေး၏ မွေးစားသားအဖြစ် ချီးမြှောက်ခြင်း ခံရသော ဉာဏ်ကောင်းသည့် ရွှေမိုး အကြောင်း သရုပ်ဖော်ထားသည့် “ဉာဏ်ကောင်းသော ရွှေမိုး” နှစ်မျက်နှာကာတွန်း၊ ဒုက္ခရောက်နေ သော ကြောင်လေးကို ကူညီရာက အလွဲလွဲ အမှားမှားဖြင့်သာ တွေ့ကြုံရသော ပေါ်ဆန်းအကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ပေါ်ဆန်း” နှစ်မျက်နှာကာတွန်း၊ အရွယ်ရောက်လာလျှင် ဆေးဆိုင်ဖွင့်မည်ဆိုသော ဟန်သီမကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာ ဟာသကာတွန်းနှင့် ထမင်းစား အဖိတ်ခံရသောကြောင့် ဟင်းအမျိုးအစား မေးလိုက်သော ဘယ်ကျော် အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ဗီတာမင်ချို့တဲ့ရောဂါ မဖြစ်စေရန် မျှတသော အစားအသောက် များကို ရွေးချယ် စားသောက်ရမည်ဖြစ်ကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကြက်သွန်နီ အစို့ပေါက်များကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သော မောင်မောင်တာ အကြောင်း ဖတ်ရှုရမည်ဖြစ်ပါ သည်။ ပုံပြင်ကဏ္ဍအနေဖြင့် စစ်မှန်သော သူငယ်ချင်း ရှိခြင်းသည် တန်ဖိုးရှိသော ရတနာတစ်ပါး ကဲ့သို့ ဖြစ်ကြောင်း နားလည်သဘောပေါက်သွားသော ယုန်ကလေး ဘင်နီအကြောင်း ရေးသား ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက် ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် သစ်ပင်သစ်တောများ ရှိခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မောင်ထည်ဝါ (ပျော်ဘွယ်)၏ “သစ်ပင် စိုက်ပျိုး ပြည့်အကျိုး” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပြင် Two-word Verb ဟုခေါ်သော Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။