ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာရေးဆရာ တက္ကသိုလ်မြတ်သူ၏ “မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှ စတင်ကာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ်ကြငှန်းဘဝမှ ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်သို့ နေ့ချင်းညချင်းကျရောက်ကာ လွတ်လပ်သော အချုပ်အခြာပိုင်နိုင်ငံအဖြစ်မှ လက်အောက်ခံနိုင်ငံဘဝသို့ နိမ့်ဆင်းသွားခဲ့ရပေသည်။ ထိုကာလမှ စတင်ကာ တိုင်းရင်းသားတို့က ရရာလက်နက်စွဲကိုင်တော်လှန်ခြင်း၊ လွတ်လပ်ရေးကြိုးပမ်းခြင်းတို့ကို အစဉ် တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအောင်ပန်းကို လှမ်းကိုင်နိုင်ခဲ့ကြပေသည်။ ရရှိခဲ့ပြီးသော လွတ်လပ်ရေးနှင့်အတူ နိုင်ငံချင်းအတူတူ တင့်တယ်စွာ လျှောက်လှမ်းဖြတ်သန်းနိုင်ရေး ကြိုးပမ်းခြေလှမ်းစနေစဉ်မှာလည်း ပြည်တွင်း တစ်ဗိုလ်တစ်မင်း လုပ်ဆောင်လိုသူ၊ အမြင်မတူ ရန်သူခြေလှမ်း လှမ်းလျှောက်လိုသူများနှင့် ပြည်ပ ပယောဂတို့ကြောင့် တိုင်းပြည်၏ လွတ်လပ်ရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးတို့သည်လည်း ကြိမ်ဖန်များစွာ စိန်ခေါ်ခံနေခဲ့ရပေသည်။
မျက်မှောက်ကာလအထိ လက်နက်စွဲကိုင်နေကြဆဲဖြစ်သည့် အဖွဲ့အစည်းအချို့၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ လာရာနှင့် လားရာတို့ကို စေ့စေ့ငုငု သိရှိမှတ်သားနိုင်စေရန်လည်းကောင်း၊ သင်ခန်းစာယူနိုင်ရန်အလို့ငှာ လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှတ်တိုင်များစွာ ကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ဝေငှနိုင်ရန်လည်းကောင်း စသည့်ရည်ရွယ်ချက်ဖြင့် “မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ” စာအုပ်ကို ဆရာကြီး တက္ကသိုလ်မြတ်သူက ပြုစု၍ စာပေဗိမာန်က ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။