ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၂၁)၌ ပုပု၏ ဖခင်သည် မည်သည့်အလုပ်ပဲ လုပ်လုပ်၊ စေတနာထားပြီးလုပ်လျှင် အောင်မြင်မှာ ဖြစ်ကြောင်း ပုပုအား ရှင်းပြထားသည်ကို သရုပ်ဖော်ထားသည့် “သူငယ်ချင်းတွေကို ပြောပြရဦးမည်” မျက်နှာဖုံးကာတွန်း၊ ခင်ခင်ပြူးနှင့် သူငယ်ချင်းများ နှစ်သက်သော ဆိုင်းဝိုင်းအကြောင်းနှင့် ဆိုင်းဝိုင်း ဆိုသည်မှာ တစ်ဦးတစ်ယောက် ကောင်း၍ မရဘဲ အားလုံး စုပေါင်းညီညွတ်မှသာ ကောင်းသည့် အကြောင်းကို “ဂန္ထဝင် ခင်ခင်ပြူးနှင့် အပေါင်းအသင်းများ” နှစ်မျက်နှာကာတွန်း၊ အပြောကြီးသည့် ညိုချောအကြောင်းကို သရုပ်ဖော်ထားသည့် “ညိုချော” တစ်မျက်နှာကာတွန်း၊ ရှဉ့်ကလေး၏ လိမ်ညာ ဟန်ဆောင်သည့် သရုပ်အမှန်ကို သိရှိသွားပြီးနောက် သူငယ်ချင်းအဖြစ်မှ စွန့်လွှတ်လိုက်သည့် လိပ်လေး တို့အကြောင်း သရုပ်ဖော်ထားသည့် “ဟန်ဆောင်တာကို မုန်းတယ်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း နေမကောင်းသဖြင့် ဆေးခန်းလိုက်ပို့နေသည့် ရန်ပိုင်စိုးကို စိတ်ပူနေသော ဦးလေးတို့အကြောင်း သရုပ်ဖော် ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ဆရာမတွက်ပြသော သင်္ချာပုစ္ဆာကို သူ့အတွေးနှင့် လက်တွေ့ ပြလိုက်သော မြဂျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုး-ရေတစ်ခွက် ” ¬မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ခန္ဓာကိုယ်အတွက် အရေးကြီးသည့် ရေသောက်ခြင်းနှင့် ရေသောက် ခြင်းကြောင့် ရရှိမည့် ကျန်းမာရေးကောင်းကျိုးများကို ရေးသားထားသည့် သုတဆောင်းပါးကဏ္ဍ၊ ကလေး တို့အနေနှင့် do နှင့် play အသုံးအနှုန်းကို ရွေးချယ်အသုံးပြုနိုင်မည့် “ဉာဏ်စမ်း” ကဏ္ဍ၊ ဉာဏ်များသည့် လှေသူကြီး၏ ကတိစကားအတိုင်း လှေနှင့် ကုန်ပစ္စည်းများရသွားသည့် မောင်ဒေါနတို့အကြောင်း ရေးသား ထားသည့် “မိခင်အတွက် စွန့်စားသူ” ပုံပြင်ကဏ္ဍ၊ မောင်အောင်မြတ်သူ သိချင်သော လောကနတ်ရုပ်တု အကြောင်းကို ဦးမြလွင်မှ ရှင်းလင်းပြောပြ ထားသည်ကို ရေးသားထားသည့် “ငြိမ်းချမ်းရေး ပန်း” ဝတ္ထု ကဏ္ဍ၊ ကလေးတို့အနေနှင့် ပျင်းသည့်စိတ်ကို ဖယ်ကာ အချိန်ကို တိကျစွာ အသုံးပြုနိုင်ကြောင်း၊ အချိန် မဖြုန်းသင့်ကြောင်းနှင့် ရည်မှန်းချက်ရောက်အောင် ကြိုးစားသင့်ကြောင်း ရေးဖွဲ့ထားသည့် “ပျင်းသူမချွန်၊ ချွန်သူ မပျင်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာအနေနဲ့ အင်္ဂလိပ်စကားပြောတွေကို လေ့လာနိုင်ပြီး လေ့ကျင့်နိုင်ရန် “အခြေခံ လိုအပ် သည့် အီဒီယမ်” ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။