ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)၌ မုန်ဖတ်သည် ဦးလေးကြီးသည် ခိုကလေးများကို နေ့စဉ် စေတနာထား အစာကျွေးရာက ခိုလေးများ၏ ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်မှုကို ပြန်လည် ခံစားရပုံအကြောင်း သရုပ်ဖော်ထားသည့် “မေတ္တာရောင်ပြန်” မျက်နှာဖုံးကာတွန်း၊ ဖေဖေနှင့် မေမေ ပြောသည့်စကားကို တစ်သဝေမတိမ်း လိုက်နာကြသော ကီးကီနှင့် ဂျိုးဂျိုးအကြောင်း သရုပ်ဖော် ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနဲ့ မိဘစကား မဖယ်ရှား” နှစ်မျက်နှာကာတွန်း၊ အလွန် အပျင်းကြီးသော ကိုကျောက်ကျောသည် သူ၏ ပျင်းရိမှုကြောင့် အသက်ဆုံးရှုံးရသည်အထိ ဘေးတွေ့ရပုံအကြောင်း သရုပ်ဖော်ထားသည့် “ပျင်းလွန်းသူ” နှစ်မျက်နှာကာတွန်း၊ ဘဝင်မြင့်သော ကြက်မောင်နှံနှင့် ကောက်ကျစ်သော မြေခွေးတို့အကြောင်း သရုပ်ဖော်ထားသည့် “ဘဝင်မမြင့်နဲ့” နှစ်မျက်နှာကာတွန်း၊ ရပ်ကွက်လမ်းသန့်ရှင်းရေးတွင် ပါဝင်ကူညီကြမည်ဆိုသော တင်မျိုးဇော်တို့ သူငယ်ချင်းတစ်စုအကြောင်း သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် အင်္ကျီမချွတ်ဘဲ ရေချိုးနေသည့် ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် အပူလျှပ်ခြင်း၏ လက္ခဏာများနှင့် အပူမလျှပ်စေရန်အတွက် သတိပြုဆင်ခြင်နိုင်သည့် နည်းလမ်းကောင်းများအကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကလေးတို့အနေဖြင့် ငယ်ရွယ်ချိန်ကတည်းက အသုံးနှင့် အဖြုန်းကို ခွဲခြားသိပြီး မကုန်သင့်သည်ကို မကုန်အောင် စည်းကမ်းတကျ ပြုမူနေထိုင်တတ်ရမည် ဖြစ်ကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဆိုင်မွန်၏ အဖေသည် အမှန်တကယ် မှော်အစွမ်းကို ရရှိနိုင်သည့် နည်းလမ်းကို ပြောပြလိုက်ပုံအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် သူငယ်ချင်းများနှင့်အတူ မွေးနေ့ပွဲကို ပျော်ရွှင်စွာ ကျင်းပရသည့်အတွက် ပျော်ရွှင်မဆုံးဖြစ်ရပုံအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းနီခိုင် (မောင်တော)၏ “သားသားမွေးနေ့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အဓိကလမ်းမကြီးပေါ်ရှိ ငှားရမ်းမည့် တိုက်ခန်းကို ကြည့်ရှုရန် ချိန်းဆိုခြင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။