ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၆)၌ မိမိ လုပ်ကိုင်သည့် အလုပ်တိုင်းအပေါ် စေတနာထားပြီး လုပ်ဆောင်ပါက စေတနာ ရောင်ပြန်ဟပ်သည်ဆိုသော ဖခင်ကြီး၏ ဆုံးမစကားကို အမြဲမှတ်သား လိုက်နာဆောင်ရွက်ရာက သူတစ်ပါး၏ အလုပ်သမားအဖြစ်က လွတ်လပ်ခွင့် ရခဲ့သော မောင်သုတ အကြောင်း တင်ဆက်ထားသည့် “စေတနာရောင်ပြန်” မျက်နှာဖုံးကာတွန်း၊ အမျိုးသမီးတစ်ဦးသည် ယောင်သုံးဆယ်ဖြင့် သူ့အမျိုးသားကို အသက်ဘေးက ကယ်တင်လိုက်နိုင်ခဲ့ပုံအကြောင်း ရေးဖွဲ့ထား သည့် “သျှောင်သုံးဆယ်” နှစ်မျက်နှာဟာသကာတွန်း၊ မွေးနေ့ပွဲကို မွေးနေ့လက်ဆောင်နှင့်အတူ တစ်ပါတည်း လာနိုင်ရန် ဖိတ်လိုက်သော မေလင်းဖြူနှင့် အာတူးတို့အကြောင်း တင်ဆက်ထားသည့် “လက်ဆောင် လိုချင်လို့ပါဟယ်” နှစ်မျက်နှာကာတွန်း၊ မိမိ သိသော ထမင်း၏ တန်ဖိုးနှင့် ရေ၏ တန်ဖိုးတို့ကို မိမိ၏ သူငယ်ချင်းများကိုလည်း ပြောပြရမည်ဆိုသော သားပုနှင့် ဦးလေးဖြစ်သူတို့ အကြောင်း တင်ဆက်ထားသည့် “တန်ဖိုး” နှစ်မျက်နှာကာတွန်း၊ ခွေးကလေးပါစီနှင့် ဖိုးရွှေယုန်တို့ သည် အချင်းချင်း နားလည်မှုရှိကာ အန္တရာယ်နှင့် ကြုံပါက ကြိုတင်အသိပေးကြပုံကို ရေးဖွဲ့ထား သည့် “ခွေးကလေးပါစီ- ဆက်သွယ်မှုဧရိယာ” တစ်မျက်နှာကာတွန်းနှင့် မုန့်များ ကုန်သွားလျှင် မုန် များကို ခဏခဏ နှိုက်မစားတော့ပါဘူးဆိုသော “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကမ္ဘာ့အလှဆုံး မီးရထားဘူတာရုံများများအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် လူ့ဘီလူးကြီး၏ ဂူထဲတွင် အပိတ်ခံရသော နိုးမင်းတို့ လူတစ်စုသည် အန္တရာယ်ကင်းကင်းဖြင့် ဂူအပြင်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြပုံအကြောင်း ရေးဖွဲ့ထားပါသည်။ ဝတ္ထုကဏ္ဍတွင် မေမေ ပြောသည့် ပူစူးမ ကူပေးရမည်ဆိုသော အလုပ်များကို နေ့စဉ် မမေ့မလျော့ ပြုလုပ်ကာ လိမ္မာသော သမီးတစ်ယောက် ဖြစ်အောင် နေထိုင်ပါတော့မည်ဆိုသော ပူစူးမအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီ လက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် နိုင်ငံတော်ရှိ တိုင်းရင်းသား လူမျိုးများအားလုံးအပါအဝင် နိုင်ငံသားအားလုံးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို စည်းလုံး ညီညွတ်စွာဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းရွှေမိုး၏ “ပြည်ထောင်စုနေ့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။