ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၃၂) ၌ အားကစားကို အမှန်တကယ် ချစ်မြတ်နိုးလျှင် သန့်ရှင်းစွာ ကစားကြရန်နှင့် ငွေကြေးဖြင့် ကစားလျှင် ဆိုးကျိုးများသာ ကြုံတွေ့နိုင်ကြောင်း တင်ဆက်ထားသည့် “အားကစားစိတ်ဓာတ်” မျက်နှာဖုံးကာတွန်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ ကျီးကန်းများသည် သူတို့၏ ကျီးမျိုးကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သလို မိမိတို့သည်လည်း မိမိအမျိုးကို မိမိတို့ ကာကွယ်စောင့်ရှောက်သင့်ပုံကို သဘောပေါက်သွားသည့် မိဆုအကြောင်း တင်ဆက်ထားသည့် “ငှက်ကလေး ပုံပြင်” တစ်မျက်နှာကာတွန်း၊ သူ့မွေးနေ့တွင် သူငယ်ချင်းများကို ကြက်ဆီထမင်းနှင့် မုန့်များကျွေးပြီး အရုပ်များ လက်ဆောင်ပေးမည်ဆိုကာ စိတ်ကူးဖြင့် ပြောနေသော ဖြိုးရဲအကြောင်း တင်ဆက်ထားသည့် “သိန်းငါးထောင်” နှစ်မျက်နှာကာတွန်း၊ “ငှက်ကလေး ပုံပြင်” တစ်မျက်နှာကာတွန်း၊ စာဖတ်ရန် ဘာသာရပ်များ ရွေးချယ်ရင်း အိပ်ပျော်သွားသည့် ဖိုးကျော်အကြောင်း တင်ဆက်ထားသည့် “ဖိုးကျော်၏ စာများများဖတ်မှ” နှစ်မျက်နှာကာတွန်းနှင့် ရခိုင်မုန့်တီဟင်းရည်ကို အိုးကြီးကြီးဖြင့် ချက်လျှင် ဆားငန်တာပေါ့သွားမည်ဟု အာတူးက အန်တီမွှေးကို ဟာသဖြစ်ဖွယ်ပြောထားသည့်အကြောင်း တင်ဆက်ထားသည့် “အာတူးနဲ့ တီတီမွှေး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ရှားပါးမှုနှင့် ရွေးချယ်မှုတို့၏ အဓိပ္ပာယ်ကို ကလေးများ နားလည်သဘောပေါက်စေရန် ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ရှားပါးမှုနဲ့ ရွေးချယ်မှု” သုတကဏ္ဍ၊ ဘဝတွင် မိမိလုပ်နိုင်သည့်အရာကိုသာ စဉ်းစားပြီး လုပ်သင့်သလို ယင်းမှထွက်ပေါ်လာမည့် အကျိုးဆက်ကို တွေးထားရမည့်အကြောင်း ရေးသားထားသည့် “စိတ်ကူးယဉ်တဲ့လိပ်”၊ သူတစ်ပါးအပေါ် မနာလိုစိတ်ဖြင့် မကောင်းကြံစည်မိရာမှ အမှန်ကို သိရှိသွားပြီး နောင်တရသွားသည့် ဖိုးလပြည့်အကြောင်း တင်ဆက်ထားသည့် “လွတ်လပ်သောစိတ်” ဝတ္ထုကဏ္ဍ၊ သားသမီးများ၏ စားဝတ်နေရေးနှင့် ပညာရေးတို့အတွက် သွေးချွေးများထွက်လည်း အပြုံးမပျက်ဘဲ စီးပွားရှာပြီး ကြိုးစားသည့် ဖခင်ကို ဂုဏ်ပြုရေးဖွဲ့ထားသည့် “တို့ဖေဖေ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
တစ်ဦးနှင့် တစ်ဦး ချိန်းဆိုမှု ပြုလုပ်ရာတွင် အသုံးပြုသည့် အင်္ဂလိပ်စကားပြောများ ကို “Calling after the date” ခေါင်းစဉ်ဖြင့် တင်ဆက်ထားသည့် ဆရာ KML၏ “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။