ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၅)၊ အမှတ် (၁)၌ ပညာဆိုသည်မှာ ခွဲခြမ်းသိမြင်နိုင်သောအသိဉာဏ်နှင့် အတတ်ဖြစ် ကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် ပညာဆိုတာ” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် အခကြေးငွေယူ၍ ကူညီရာက မိမိတွင်ပါလာသော ကုန်ပစ္စည်းများကိုပါ ရောင်းပြီး အကြွေးဆပ်လိုက်ရသော ကုန်သည်အကြောင်း သရုပ်ဖော်ထားသည့် “အလျော်အစား” နှစ်မျက်နှာကာတွန်း၊ မိဘစကားနားထောင်ပြီး မိဘအပေါ် ကူညီ ပေးတတ်သော ရွှေပိုးအကြောင်း သရုပ်ဖော်ထားသည့် “ရွှေပိုး- မပူနဲ့” နှစ်မျက်နှာကာတွန်း၊ မောင်ရွှေရိုး ၏ ဖြတ်ထိုးဉာဏ်ကောင်းမှုကြောင့် မြင်းပိုင်ရှင်အမှန်ကို တရားသူကြီးက အဆုံးအဖြတ် ပေးနိုင်ခဲ့ပုံ အကြောင်း တင်ဆက်ထားသည့် “မြင်းပိုင်ရှင် ဘယ်သူလဲ” နှစ်မျက်နှာကာတွန်း၊ တကယ်ရှိနေသော ပိုက်ဆံကို သူငယ်ချင်းအား ခွဲမပေးနိုင်ဘူး ဆိုသည့် ရွှေဖဲအကြောင်း သရုပ်ဖော်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကာတွန်းနှင့် ဂိမ်းမဆော့ဘဲ အိပ်ရေးဝအောင်အိပ်ခြင်းကြောင့် စာသင်ခန်းထဲတွင် အိပ်မငိုက် ဘဲ တက်ကြွနေသော ဘုန်းဆင့်သူအကြောင်း ရေးဖွဲ့ထားသည့် “ဘုန်းဆင့်သူ-အိပ်မငိုက်နည်း” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။
သုတကဏ္ဍအနေဖြင့် မွေးနေ့ပါတီဖြစ်ပေါ်လာပုံနှင့် မွေးနေ့ကိတ်အကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် နိုင်ငံ့ရင်သွေး ရွှေသွေးလူငယ် မောင်မယ်များ၏ အနာဂတ်သည် ပညာရေးတိုးတက်ကောင်းမွန်မှုပေါ်တွင် မူတည်နေပုံကို ကျောင်းသားမိဘ အားလုံးသဘောပေါက် နားလည်သွားပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မိမိ၏ လူကဲခတ်မှန်ပြီး ဉာဏ်ကောင်းမှုကြောင့် သူခိုးဓားပြဘေးက လွတ်မြောက်သွားသော မောင်သုတအကြောင်း ရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ဓူဝံကြယ် သည် ရွေ့လျားမှုမရှိဘဲ အဘယ်ကြောင့် တစ်နေရာတည်းတွင် တည်ရှိနေသလဲဆိုသည့်အကြောင်း ရေးဖွဲ့ထားသည့် ဆရာမောင်နေခြည် (ပြည်)၏ “ဓူဝံကြယ်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါ သည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျတည်ဆောက်ရာတွင် If နှင့်ဆက်ထားသော Conditional Clause အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊ ၀၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။