ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတင်းအချက်အလက်နှင့် အသိပညာပေး

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၂-၁၁-၂၀၂၂) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၇၄၀,၁၄၄) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေ စုစုပေါင်း (၆,၇၁၂,၇၀၈) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု
(၁၂-၁၁-၂၀၂၂ ရက်နေ့အထိ)

အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း    ၃၀,၇၄၀,၁၄၄
အသက် (၁၈) နှစ်အောက် လူဦးရေ စုစုပေါင်း    ၆,၇၁၂,၇၀၈

ယခုအခါ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံးမှုအနေဖြင့် လျော့နည်းကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်မှ နေ့စဉ်ဓာတ်ခွဲစစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် (၂၂) ရက် ဆက်တိုက် (၂) ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။

သုတေသနတွေ့ရှိချက်များအရ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင် ကြောင်းကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကိုဗစ် - ၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းအား လိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့် -
•    အသက် (၅) နှစ်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ် ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊
•    အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊
•    လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး  ၆ဝ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
•    လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊
•    တတ်နိုင်သမျှ လူစုလူဝေး ရှောင်ကြဉ်ရန်၊
•    ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
                                                                                                                        ကျန်းမာရေးဝန်ကြီးဌာန


 

အကြံပြုစာ/တိုင်ကြားစာ