ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ်(၃၈)၌ ပေါက်ဖတ်ဘဝမှ လှပသောလိပ်ပြာလေး၏ဘဝသို့ ရောက်ရှိလာရန် ကြားကာလ၌ ပုံစံအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်လာခဲ့ရသော ဘော်ဘော်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “ကိုယ်ထူးကိုယ်ချွန် လိပ်ပြာမွန်” မျက်နှာဖုံးဇာတ်လမ်း၊ သစ်စေ့ခွဲရာ၌ သူတစ်ပါးကို ဝေမျှမကျွေးချင်၍ မိမိဘာသာခွဲရာမှ သစ်စေ့ရေထဲသို့ ကျသွားသဖြင့် မစားလိုက်ရသော စာကလေးဖိုးထွေးအကြောင်းကို တင်ဆက်ထားသည့် “စာကလေးဖိုးထွေး” နှစ်မျက်နှာကာတွန်း၊ မိဘဘိုးဘွားများ၏ အလိုလိုက်ထားမှုကို ခံရသည့် ရွှေပိုးနှင့် ဧည့်သည်များရှေ့တွင် ရွှေပိုး၏ အပြုအမူကြောင့် အဘိုးအဘွားများ အခက်တွေ့ရပုံကို တင်ဆက်ထားသည့် ကာတွန်းရွှေရိုး၏ “ရွှေပိုး-ချန်ထားဦး” နှစ်မျက်နှာကာတွန်း၊ ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းနေစဉ်ကာလတွင် လူတော် လူကောင်းအဖြစ် ကြိုးစားသင့်ပုံအကြောင်းကို တင်ဆက်ထားသည့် "လူတော်ဖြစ်ချင်သလား" နှစ်မျက်နှာ ကာတွန်း၊ မိခင်အား အသိမပေးဘဲ မိမိစိတ်ကူးဖြင့် ဆောင်ရွက်တတ်သော မိချောအကြောင်းကို တင်ဆက်ထားသည့် “မိချော- တစ်ဇွန်းတည်းပါမေမေ” တစ်မျက်နှာကာတွန်း၊ နမော်နမဲ့နိုင်လွန်းသော ဖိုးတစ်တို အကြောင်းကို တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ခေတ်အဆက်ဆက်ပြောင်းလဲအသုံးပြုခဲ့သော ယပ်တောင်အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ခေတ်အဆက်ဆက် ယပ်တောင်အမျိုးမျိုး” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ အလုပ်တစ်ခုကို လုပ်ဆောင်ရာ၌ ဇွဲရှိရှိဖြင့် ကြိုးစားလုပ်ကိုင်ပါက အောင်မြင်မှု ရရှိနိုင်ကြောင်းကို တင်ဆက်ထားသည့် “ကြိုးစားမှု၏ ရလဒ်အဖြေ” ဝတ္ထုနှင့် သူတစ်ပါး၏ ကျေးဇူးကို စောင့်သိကာ မိဘနှစ်ပါးအပါအဝင် ကျေးဇူးရှင်တို့ကို ကျေးဇူးဆပ်လိုသော မောင်ချိုနှင့် မိဘပစ္စည်းကို သုံးဖြုန်းကာ အပျော်အပါးကိုသာ ဦးစားပေးတတ်သော မောင်အိုတို့သူငယ်ချင်းနှစ်ဦးအကြောင်းကို ရေးဖွဲ့ ထားသည့် “တန်ဖိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံလေးများကို ကလေးတို့စိတ်ကြိုက်အရောင်များ ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် တော်သလင်းလ၏ ရာသီဥတုအခြေအနေနှင့် တော်သလင်းလတွင် ဆင်နွှဲလေ့ရှိသော ရိုးရာပွဲတော် “လှေပြိုင်ပွဲ” အကြောင်းကို ရေးဖွဲ့စပ်ဆိုထားသည့် “ကန်ရာသီခင်း တော်သလင်း” ကဗျာတို့ကို တင်ဆက် ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် ကလေးမီးဖွားခြင်းနှင့်ပတ်သက်၍ အပြန်အလှန် ပြောဆို ကြပုံ၊ သတင်းမေးပုံများနှင့် ၎င်းတို့ကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုပုံများကို လေ့လာ နိုင်ရန် ဥပမာဝါကျများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးစကားဝိုင်း” ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။