၂၃ - ၇ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃၀)၌ ဉာဏ်ပညာရှိသော သမီးပျိုလေး၏ အကြံပေးချက်ကြောင့် ငွေအသပြာပေးလျော်ရမည့် ဆင်းရဲဒုက္ခက လွတ်မြောက်သွားသော ထမင်းဆိုင်ရှင်အကြောင်းကို တင်ဆက်ထားသည့် “ပညာရှိ သမီးပျို” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်းများနှင့် စကားပြောရာတွင် ဟာသပြောတတ်သော မောင်တိုးအကြောင်းကို သရုပ်ဖော်ထားသည့် “တာတေနှင့် ဝသန်မြင်းမိုရ်” နှစ်မျက်နှာကာတွန်း၊ ယနေ့ထိတိုင် လိပ်ပြာနှင့် ပျားတို့သည်  ပန်းဝတ်ရည်များကို စည်းကမ်းရှိရှိဖြင့် စားသုံးနေကြပုံဒဏ္ဍာရီပုံပြင်အကြောင်းကို တင်ဆက် ထားသည့် “ပန်းနှင့်လိပ်ပြာ” နှစ်မျက်နှာကာတွန်း၊ ပန်းရောင်းရင်းဖြင့် ကျောင်းတက်ခဲ့ရသော ပန်းသည်လေးဘဝမှ ကျောင်းအုပ်ဆရာကြီးအဖြစ်သို့ ရောက်ရှိလာခဲ့သော ဦးခင်ညိုအကြောင်းကို ရေးဖွဲ့ ထားသည့် “စံပယ်ရနံ့လေး မွှေးပါသည်” နှစ်မျက်နှာကာတွန်း၊ ဘေးအိမ်ကကြက်များ မိမိစိုက်ခင်းထဲ လာမစားရန် ပြုလုပ်လိုက်သော နည်းအကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ မြောင်းထဲကျသွားသော ပိုက်ဆံတစ်ရာကို ပြန်လည်မရသောကြောင့် အငိုမတိတ်သည့် ကလေးငယ်လေး တစ်ယောက် အကြောင်းကို ရေးဖွဲ့ထားသည့် “ဘယ်လို လုပ်ရမလဲ” မျက်နှာဝက်ကာတွန်းနှင့် သူတစ်ပါး အပေါ် မဟုတ်မမှန်မပြောသင့်ကြောင်း ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍအနေဖြင့် ဆောင်ရွက်ချက်အတော်များများတွင် မြေပုံ၏ အရေးပါပုံအကြောင်းကို ကလေးများအတွက် ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ညီအစ်မသုံးယောက် ရှိသည့် အနက် စိတ်ကောင်းရှိသော အလတ်မလေးအပေါ် သူတော်ကောင်းများက စောင့်ရှောက်ပုံအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိမိ၏ မဆင်မခြင် ပြောလိုက်မိသော စကားကြောင့် သူတစ်ပါးအား စိတ်အနှောင့်အယှက် မဖြစ်စေရန် အခြေအနေအချိန်အခါကို လေ့လာပြီးမှ စကားပြောဆို တတ်ရမည်ဖြစ်ကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် အနာဂတ်၏ သားကောင်းရတနာများဖြစ်ကြသော ကလေးတို့အနေဖြင့် လူတော်လူကောင်းများဖြစ်ရန် အသိပညာများကို စဉ်ဆက် မပြတ်ဆည်းပူးလေ့လာတတ်ရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “ဖူးသစ်စ” ကဗျာတို့ကို တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် အကြိုက်နှစ်သက်ဆုံး ရုပ်ရှင်ဇာတ်ကားအကြောင်း မေးမြန်းပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာ သစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ