ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၂၃)၌ ရတနာသုံးပါးကို ကြည်ညိုလေးစား၍ တောထဲတွင် ဘီလူးတို့၏ ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့သော ထင်းခုတ်သမား၏သားအကြောင်းကို တင်ဆက်ထားသည့် “ရတနာသုံးပါး” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးတို့အနေဖြင့် ဖြေရှင်းရမည့်ကိစ္စ တစ်ခုခုရှိပါက မိဘများအား အသိပေးကာ ဖြေရှင်းသင့်ကြောင်း တင်ဆက်ထားသည့် “အကြွေး” နှစ်မျက်နှာကာတွန်း၊ မိမိ၏ ဘဝပေးအခြေအနေအရ မိမိလုပ်ကိုင်ဆောင်ရွက်ရသည့် အလုပ်ကို တန်ဖိုးထား လုပ်ဆောင်ရမည် ဖြစ်ကြောင်းကို တင်ဆက်ထားသည့် “တင်းတိမ်ရောင့်ရဲခြင်း” နှစ်မျက်နှာကာတွန်း၊ မိမိတို့၏ ခြံဝန်းအတွင်း နေရာလွတ်များ၌ သီးပင်စားပင်များကို စိုက်ပျိုးထားပါက မိသားစုဝင်ငွေတိုးနိုင်ပုံကို ပညာပေးရေးဖွဲ့ထားသည့် “ရိုးရိုးလေး- ပျင်းနေဖို့ မလိုတော့ပါ” နှစ်မျက်နှာကာတွန်း၊ စကားကို သူတစ်ပါးနှစ်လိုဖွယ် ပြောဆိုတတ်၍ ဟာသဉာဏ်ရွှင်သော ဖိုးလပြည့်အကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာ ကာတွန်းနှင့် ကလေးတို့အနေဖြင့် စာမဖတ်ဘဲ ဂိမ်းကစားနေကြပုံကို ရေးဖွဲ့ထားသည့် “ကောင်းကောင်း- စာမဖတ်သူ ပပျောက်ရေး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ယခုတစ်ပတ်တွင် အထူးကဏ္ဍအနေဖြင့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ်အဖြစ် ပြုလုပ်သော ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် “၁၂လရာသီပွဲတော်” စာစီ စာကုံးကို တင်ဆက်ထားပါသည်။ ထို့ပြင် မိမိဆောင်ရွက်ရမည့် ကိစ္စရပ်များကို ကိုယ်တိုင်မဆောင်ရွက်ဘဲ သူတစ်ပါးကို အားကိုးတတ်သော၊ သူတစ်ပါးအပေါ် မကောင်းကြံစည်တတ်သော စိတ်ထား ထားရှိ၍ ရရှိလာမည့် အခွင့်အရေးများ ဆုံးရှုံးသွားသော မောင်ပိုနှင့် သူတစ်ပါးကို ကူညီဆောင်ရွက်တတ်ကာ စိတ်ကောင်း ထားရှိ၍ ကောင်းကျိုးခံစားရသော မောင်ချိုတို့အကြောင်းကို ရေးဖွဲ့ထားသည့် “ထင်းသက်သေ” ပုံပြင်နှင့် ကလေးများအနေဖြင့် ရေနှင့်မီးကို ချွေတာ၍ စနစ်တကျသုံးစွဲသင့်ကြောင်း ပညာပေးတင်ဆက်ထားသည့် “ရေနဲ့မီးကို ချွေတာပါ” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် သက်ရှိသက်မဲ့များကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ရာတွင် အသုံးပြုသည့် Adjective (နာမဝိသေသန)များအကြောင်းကို လေ့လာမှတ်သား နိုင်မည် ဖြစ်ပါ သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။