၂၆- ၃- ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၁၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၁၃)၌ ခေါင်းဆောင်ပီသစွာပြုမူနေထိုင်တတ်သော ပေစိနှင့် သူငယ်ချင်းအပေါ်အထင်လွဲမှားနေသော ပုပုတို့အကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် စေတနာ” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးများကို သင်ကြားပြသရာ၌ နည်းလမ်းမှန်မှန်ဖြင့် ပြောဆို ဆုံးမသင့်ကြောင်းကို ရေးဖွဲ့ထားသည့် “အမွှေလေး ရဲရင့်ဖြိုး” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို မကောင်းကြံပါက မိမိတွင်လည်း ဒုက္ခရောက်နိုင်ပုံကို အတုယူဖွယ် ပညာပေးတင်ဆက်ထားသည့် “ဖိုးပုနဲ့ ဖိုးစိန်”  နှစ်မျက်နှာကာတွန်း၊ မိမိဒုက္ခရောက်မည့်အရေးကို ကြိုတင်မမြင်ဘဲ အစားအစာကိုသာ မက်မောမိ၍ ဒုက္ခရောက်ရသော ကျီးအကြောင်းကို တင်ဆက်ထားသည့် “လောဘ၏ သားကောင်” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်း၍ သူတစ်ပါးအပေါ် အနိုင်ယူတတ်သော ဖောင်းဖောင်းအကြောင်းကို သရုပ်ဖော်ရေးဖွဲ့ထားသည့် “ဖောင်းဖောင်းရဲ့ နှစ်ရွက်ပေါင်း” တစ်မျက်နှာကာတွန်းနှင့် စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော ဖိုးလပြည့်တို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် အတတ်ပညာနှင့် အရာဝတ္ထုများကို သူ့နေရာနှင့်သူ လိုက်ဖက်ညီစွာ ဆောင်ရွက်သင့်ပုံအကြောင်းကို ဗဟုသုတရဖွယ်ရေးဖွဲ့ထားသည့် “စူးနေရာစူး ဆောက်နေရာဆောက်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ အကျင့်စရိုက် မကောင်းမွန်ပါက မိတ်ဆွေကောင်းများ ဆုံးရှုံးရပုံကို ပညာပေးတင်ဆက်ထားသည့် “အကျင့်စရိုက်” ပုံပြင်နှင့် ကလေးများအနေဖြင့် သူငယ်ချင်းများကို ပေါင်းသင်ရာ၌ ကောင်းမွန်သည့်သူ များကိုသာ ပေါင်းသင်းရန်နှင့် လမ်းမှားသို့ ရောက်နေသော သူငယ်ချင်းတို့ကိုလည်း လမ်းမှန်သို့ ရောက်အောင် ပြုပြင်ပေးသင့်ကြောင်း တင်ဆက်ထားသည့် “ရှောင်ရှားမူးယစ် ဘေးကျိုးဖြစ်” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ထည့်သွင်းဖော်ပြပေးသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ အပါအဝင် မိမိ၏ တိုင်းပြည်ကို တိုင်းတစ်ပါးသားများရန်မှ ကာကွယ်စောင့်ရှောက်သင့်ကြောင်း သီကုံးဖွဲ့စပ်ဆိုထားသည့် “နယ်ချဲ့တော်လှန်ရေး” ကဗျာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့်  Adverb အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ