စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်၊ နယ်နိမိတ်တစ်နေရာ၊ သံလွင်မြစ်ကမ်းနံဘေး တောင်ကြောလေးပေါ်ရှိ စခန်းတစ်ခုတွင် တပ်စွဲထားသော တပ်ခွဲတစ်ခွဲမှ တပ်မတော်သားများ၏ ဘဝဖြစ်တည် လှုပ်ရှားမှုတို့ဖြင့် ဝတ္ထုကို သီကုံးရေးဖွဲ့ထားသည်။ စစ်ဝတ္ထုဖြစ်သည်နှင့်အညီ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်လေး၊ အကြပ် စစ်သည်တို့၏ ခံယူချက်များ၊ တာဝန်ဝတ္တရားများ၊ လုပ်ဆောင်ချက်များ ကို ပိုင်ပိုင်နိုင်နိုင် စေ့စေ့စပ်စပ် သရုပ်ဖော်ထားရာ ကွန်မန်ဒို ဗိုလ်မှူးကွန်းဇော်၏ ဇာတ်ရုပ်က အပီပြင်ဆုံး အထူးခြားဆုံးနှင့် ရုပ်လုံးအကြွဆုံးဖြစ်သည်။ အရေးကြီးသော စစ်ရေးတစ်ခုတွင် ကွန်မန်ဒိုတပ်သားများ၏ ဇွဲနပဲရှိမှု၊ ပါးရည်နပ်ရည်ရှိမှု၊ အမိန့်နာခံတတ်မှုများနှင့် ဗိုလ်မှူးကွန်းဇော်၏ ထူးခြားထက်မြက်သော လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိနှင့် စစ်ပရိယာယ်ကြွယ်ဝမှုတို့ကို ရင်တဖိုဖို ဖတ်ရှုရသည်။ စစ်ရေး၊ အုပ်ချုပ်ရေးတွင်သာမက လက်အောက်ငယ်သားများအပေါ် အသေးအဖွဲကိစ္စလေးမှအစ အလေးဂရုပြု စောင်မကြည့်ရှုတတ်သော သူ၏ ခေါင်းဆောင်ကောင်း ပီသပုံ အရေးအဖွဲ့ကလည်း သဘောကျနှစ်ခြိုက်စရာ ကောင်းလှသည်။ ထို့ကြောင့်လည်း ဝတ္ထုကို လက်မှမချချင်အောင် ဆွဲဆောင်ခေါ်ငင်သွားနိုင်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။