၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ရည်ညွှန်းဘာသာရပ် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်၊ မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ရည်ညွှန်းစာပေဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာခင်ဆွေမြင့် (ဆွေယင်းမာ) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ရည်ညွှန်းဘာသာရပ်နှင့် သက်ဆိုင်သည့် ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။