ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Apr 28, 2026
စာရေးသူသည် တက္ကစီသမားတစ်ယောက် နေ့စဉ်ရင်ဆိုင်ဖြတ်သန်းရသော အတွေ့အကြုံ၊  အခက်အခဲနှင့် စိန်ခေါ်မှုများကို အသေးစိတ်ရေးဖွဲ့ထားသည့်အပြင် ဘဝတွင် အခက်အခဲ မည်သို့ပင် ရှိပါစေ ဖြတ်လမ်းမလိုက်ဘဲ ဘဝခရီးကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ သိက္ခာရှိရှိ လျှောက်လှမ်း သောကြောင့် နောက်ဆုံးရလဒ်သည် စာဖတ်သူ၏စိတ်နှင့် တစ်ထပ်တည်းကျအောင် ရေးဖွဲ့ထား နိုင်သော ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါသည်။ 
Apr 28, 2026
စာဖတ်များသောသူ၏ စာရိတ္တမဏ္ဍိုင်တို့ ကွာခြားမှုကို တင်ပြထားပုံနှင့် မိခင်အပေါ် နူးညံ့သော မေတ္တာတရားနှင့် ခွင့်လွှတ်တတ်သောစိတ်စေတနာရှိသူ မိဘမဲ့ဂေဟာတစ်ခုမှ မိန်းကလေးတစ်ဦး၏ အကြောင်း စသည်ဖြင့် လောကဇာတ်ခုံပေါ်မှ လူ့စရိုက်အဖုံဖုံကို ရေးဖွဲ့ခြယ်မှုန်းထားသော ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ လောက၏ ပကတိဖြစ်စဉ်များကို တင်ပြပုံရိုးစင်းစွာဖြင့် မြင်သာအောင် မီးမောင်း ထိုးပြထားသောကြောင့် ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
Apr 28, 2026
ဝါးကုန်သည်၊ သမဝါယမ စာရေး၊ မိုးလေဝသအခြေခံဝန်ထမ်း၊ အိတ်ပိတ်တင်ဒါဆွဲသူ၊ ရုပ်ပြဇာတ်လမ်းရေးဆရာ၊ ရုပ်ရှင်ကန်ထရိုက်တာ စသည့် ဘဝမျိုးစုံ၏ အတွေ့အကြုံအဖုံဖုံကိုလည်း ရင်သပ် ရှုမောဖတ်ရှုရမည်ဖြစ်သည်။ ဝတ္ထုနောက်ခံ ကာလံ ဒေသံသည် လွန်ခဲ့သော ဆယ်စုနှစ် ငါးစု၊ ခြောက်စုက အကြောင်းရပ်များဖြစ်သဖြင့် ထိုခေတ် ထိုအခါက ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အထွေထွေအရပ်ရပ်ကိုလည်း ဖတ်ခွင့်သိခွင့် ရမည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 

အကြံပြုစာ/တိုင်ကြားစာ