နိုင်ငံသားအချင်းချင်း အမုန်းတရားကြီးထွားစေမည့် အပြောအဆို၊ ရေးသားမှုနှင့် ပြုမူဆောင်ရွက်မှုများရှောင်ရှား နိုင်ငံသားအားလုံး အသိရှိရှိ၊ သတိရှိရှိနှင့် ဉာဏ်အမြော်အမြင်ကြီးကြီးထားပြီး ပူးပေါင်းဆောင်ရွက်ကြဖို့အထူးလို သွေးထိုးလှုံ့ဆော်မှုများကို တရားဥပဒေနှင့်အည

 

 

မန္တလေးမြို့ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ပြောကြားသည့်မိန့်ခွန်း

 

(၇-၇-၂ဝ၁၄)

 

မိဘပြည်သူများခင်ဗျား-

 

ကျွန်တော့်အနေနဲ့ အခုလို မိန့်ခွန်းပြောကြားရတဲ့အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာ့ယဉ်ကျေးမှုမြို့တော်လို့ဆိုရမယ့် မန္တလေးမြို့မှာ အမှုအခင်းကိစ္စတစ်ခုကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ ချဲ့ကားသွေးထိုးလှုံ့ဆော်မှုတွေကြောင့် ပြည်သူများ စိတ်မချမ်းသာဖွယ်ရာဖြစ်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အစိုးရရဲ့ရပ်တည်ချက်ကို ပြောကြားလိုတဲ့အတွက်ပဲဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတဲ့ အဆိုပါဆူပူရမ်းကားမှုများကြောင့် အပြစ်မဲ့ထိခိုက်ဒဏ်ရာရကြသူများနဲ့ သေဆုံးသူနှစ်ဦးအတွက်လည်း မိသားစုများနဲ့ထပ်တူ ဝမ်းနည်းမိပါကြောင်း ပြောကြားလိုပါတယ်။

 

ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူစဉ်ကတည်း က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့ အဓိကရည်မှန်းချက်ဟာ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီအလေ့အထများ ထွန်းကားရှင်သန်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှုအမြင့်မားဆုံးနိုင်ငံများထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

 

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်ပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်တည်ဆောက်ရာမှာ အဓိကလိုအပ်ချက်ကတော့ လူ့အသိုက်အဝန်းကြားမှာ ဒီမိုကရေစီအလေ့အထများ ရှင်သန်ထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့နိုင်ငံသားများဟာ ဒီမိုကရေစီရဲ့ အနှစ်သာရများဖြစ်တဲ့ မတူကွဲပြားမှုများကို နားလည်လက်ခံခြင်း၊ လူအများစုရဲ့ဆန္ဒနဲ့ ဆုံးဖြတ်ခြင်းဖြစ်သော်လည်း လူနည်းစုရဲ့အခွင့်အရေးများကိုလည်း လေးစားခြင်းနဲ့ မတူညီတဲ့ရပ်တည်ချက်များအပေါ်မှာ ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းအဖြေရှာခြင်းစတဲ့ အလေ့အကျင့်များကို မွေးမြူကြရမှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း နိုင်ငံသားများဟာ မိမိတို့ယုံကြည်ရာ ဘာသာတရားများကို လွတ်လပ်စွာကိုးကွယ်ခွင့် အပြည့်အဝပေးအပ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

 

ပြုပြင်ပြောင်းလဲရေး ကာလအတွင်းမှာပဲ ကျွန်တော်တို့နိုင်ငံအနေနဲ့ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အချို့ သောပဋိပက္ခများဟာ ဆင်းရဲမွဲတေမှု၊ ပညာချို့တဲ့မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ နိမ့်ကျမှုစတဲ့ နက်နဲတဲ့အကြောင်းတရားများစွာကြောင့် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း အချို့သော ပဋိပက္ခများကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီအလေ့အထများ ရှင်သန်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးကို တမင်နှောင့်ယှက်ဖျက်ဆီးလိုတဲ့သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်လုပ်ဆောင်ခြင်းဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုရှေးရှုပြီး အတ္တကို ရှေ့တန်းတင်လုပ်ဆောင်ကြသူများရဲ့ သွေးထိုးလှုံ့ဆော်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နာကျင်ခံစားခဲ့ရပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ လူ့အသိုက်အဝန်းများကြားမှာ အမုန်းတရားများပြန့်ပွားပြီး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်ဖန်တီးမှုများဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးပြုလုပ်တာပဲဖြစ်ပြီး လူမျိုး၊ ဘာသာမရွေး မိမိတို့လူ့အဖွဲ့အစည်းတစ်ခုလုံးကို အန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်များဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းထန်စွာအရေးယူဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

 

မန္တလေးသား မန္တလေးသူများဟာ လူမျိုးမရွေး၊ ဘာသာမရွေးဘဲ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူတကွနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာရှိခဲ့ကြပါတယ်။ တစ်ဦးရဲ့ ပွဲလမ်းသဘင်မှာ၊ လူမှုရေးကိစ္စရပ်များမှာ တစ်ဦးကကူညီဆင်နွှဲရင်းနဲ့ ကိုးကွယ်ရာဘာသာချင်းမတူညီသော်လည်း အသွင်တူတဲ့ မန္တလေးသား မန္တလေးသူဆိုတဲ့ ဒေသစွဲစိတ်နဲ့ ငြိမ်းချမ်းစွာအတူနေကြတဲ့ အခြားသောဒေသများအတွက်ပါ အတုယူစရာစံပြလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်လည်း ဂုဏ်သတင်းကျော်စောပါတယ်။ ဒါကြောင့်လည်း ဒီရက်ပိုင်းအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများကို အားလုံးလက်တွဲပြီး အသိရှိရှိ၊ သတိရှိရှိနဲ့ စဉ်းစားဆင်ခြင်ဉာဏ်ရှိရှိ တုံ့ပြန်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ အပြစ်မဲ့သေဆုံးရမှုနဲ့ ပျက်စီးဆုံးရှုံးမှုအချို့ကြောင့် ဝမ်းနည်းစရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ရသည့်တိုင် စိတ်ဖြေသာစရာ တစ်ခုအနေနဲ့ မန္တလေးသား မန္တလေးသူများဟာ လူတစ်စုရဲ့ မတရားဖန်တီးမှုကို လက်မခံဘဲ အတူလက်တွဲပြီး ဟန့်တားခဲ့ကြတာပဲဖြစ်ပါတယ်။ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များနဲ့ နှစ်ဖက် ဘာသာဝင်များက လူမှုရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများဟာ ဖြစ်ပေါ်လာတဲ့အခြေအနေများကို အတူလက်တွဲ ရင်ဆိုင်ခဲ့ကြပြီး ဒါဟာကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထူးလိုအပ်နေတဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ တန်ဖိုးများကို မန္တလေးမြို့မှာ အထင်အရှားတွေ့မြင်ခဲ့ကြရတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့လည်း မန္တလေးမြို့ တည်ငြိမ်အေးချမ်းသာယာရေးအတွက် အခုလိုညီညီညွတ်ညွတ် လက်တွဲလုပ်ဆောင်မှုများကို အားပေးကြိုဆိုပြီး စီမံခန့်ခွဲမှုများပြုလုပ်ရာမှာ အားလုံးနဲ့အတူ လက်တွဲဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် လုံလောက်တဲ့အဖွဲ့အစည်းများ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့အစည်းများရဲ့ အကူအညီကိုရယူပြီး လိုအပ်တဲ့စီမံခန့်ခွဲမှုများကို စနစ်တကျလုပ်ဆောင်လျက်ရှိပါတယ်။ အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်း ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မှာဖြစ်တဲ့အကြောင်း ထပ်လောင်းပြောကြားအပ်ပါတယ်။

 

တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့အကျိုးကို မရှေးရှုဘဲ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီး နိုင်ငံကိုဖျက်ဆီးလိုသူများဟာ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ ရှိနေတာဖြစ်ပါတယ်။ အခုမန္တလေးမြို့မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ အခုလို သွေးထိုးလှုံ့ဆော်မှုများ၊ ဥပဒေမဲ့လုပ်ဆောင်မှုများနဲ့ ရန်ပြုမှုများကို ထောက်ခံအားပေးခြင်း၊ ဥပဒေမဲ့တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေအတိုင်းဖြစ်စေဖို့အတွက် နိုင်ငံသားအားလုံးက အစိုးရအဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။

 

နိုင်ငံသားအချင်းချင်း အမုန်းတရားကြီးထွားစေမယ့် အပြောအဆိုများ၊ ရေးသားမှုများနဲ့ ပြုမူဆောင်ရွက်မှုများကို အားမပေးဘဲ ရှောင်ရှားကြဖို့၊ ပါဝင်လုပ်ဆောင်မှုမပြုကြဖို့နဲ့ အဆိုပါအပြုအမူများကို ပြတ်သားစွာအရေးယူဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံသားအားလုံးက အသိရှိရှိ၊ သတိရှိရှိနဲ့ ဉာဏ်အမြော်အမြင်ကြီးကြီးထားပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါကြောင်း ပြောကြားလိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့ လက်ရှိ မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံရဲ့ အခြားမည်သည့် နေရာဒေသမှာမှ ထပ်မံမဖြစ်ပွားဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေမယ့် သွေးထိုးလှုံ့ဆော်မှုတွေကိုလည်း တရားဥပဒေနဲ့အညီ ပြတ်သားစွာ အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်သူအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ ။