ပြည်သူများအနေနဲ့ ဆန္ဒမဲတစ်မဲချင်းစီက အရေးကြီးတယ်ဆိုတဲ့အချက်နဲ့တစ်ဦးချင်းအင်အားတွေ စုစည်းနိုင်ရင် ကြီးမားတဲ့အင်အားတစ်ရပ်ဖြစ်လာနိုင်

 

 

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

(၃-၁၁-၂ဝ၁၅)

မိဘပြည်သူများခင်ဗျား-

 

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေ တစ်ဆင့် အသိပေးပြောကြားနေကျဖြစ်တဲ့အတိုင်း အောက်တိုဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယခုလအတွင်းမှာ သမိုင်းဝင်ရွေးကောက်ပွဲကြီးကို ကျင်းပတော့မှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီလမှာ ရွေးကောက်ပွဲနဲ့ အသွင်ကူးပြောင်းရေးဆိုတဲ့ ကိစ္စရပ်များကို အဓိကထားပြောကြားသွားမှာလည်း ဖြစ်ပါတယ်။

 

ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးသမိုင်းမှာ ထူးခြားမှု အရှိဆုံးဖြစ်ပြီး ကျွန်တော့်အနေနဲ့လည်း အရေးအကြီးဆုံးလို့ ခံယူထားတဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများဟာ မကြာမီရက်အနည်းငယ်အတွင်းမှာပဲ ကျင်းပပြုလုပ်တော့ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ သမိုင်းမှာ ထူးခြားမှုအရှိဆုံးလို့ဆိုရတဲ့ အကြောင်းရင်းကတော့ ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့နိုင်ငံ      လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအင်အားစုအားလုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ဖန် အရေးကြီးဆုံးလို့ဆိုရတဲ့ အကြောင်းအရင်းကလည်း အခိုင်အမာရှိပါတယ်။ ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူချိန်ကစပြီးတော့ နိုင်ငံရေး အပြောင်းအလဲတွေကနေတစ်ဆင့် ဒီမိုကရေစီစနစ်ရှင်သန်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် အဆင့်ဆင့်သော ဖြေလျှော့မှုများနဲ့ လက်တွေ့ကျတဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အထူးအာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အသက်ဝင်လာရေးအတွက် လက်ရှိနိုင်ငံရေးအခြေအနေများက ခွင့်ပြုတဲ့အတိုင်း အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းဆောင်ရွက်ခဲ့မှု များဟာ မကြာမီမှာ ကျင်းပတော့မယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများကို အထောက်အကူပေးမယ့် အခြေခံများအဖြစ် အခိုင်အမာရှိနေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများဟာ      ကျွန်တော်တို့နိုင်ငံသမိုင်းတစ်လျှောက်မှာ ထူးခြားမှုအရှိဆုံးနဲ့ အရေးကြီးဆုံးလို့ ကျွန်တော့်အနေနဲ့ ဆိုရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၊ မြန်မာလူ့အဖွဲ့ အစည်းနဲ့ မြန်မာနိုင်ငံသားများဟာ ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်တယ်။ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့လည်း အဆင်သင့်ဖြစ်နေပြီဆိုတဲ့အချက်များကို သက်သေထူနိုင်မယ့် ရွေးကောက်ပွဲကြီးလည်း ဖြစ်ပါတယ်။

 

ဒီလိုပြသနိုင်တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ် တာထက်ကျော်လွန်တဲ့အပြင် ကမ္ဘာ့မိသားစုနဲ့ ပြန်လည်ပေါင်းစည်းရေး၊        နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဆွဲဆောင်နိုင် ရေးဆိုတဲ့ ကိစ္စများမှာလည်း  ကြီးမားတဲ့လုပ်ဆောင်ချက်ဖြစ်လာမှာဖြစ်ပါတယ်။ 

 

ပြည်သူများအနေနဲ့လည်း ဆန္ဒမဲတစ်မဲချင်းစီက အရေးကြီးတယ်ဆိုတဲ့ အချက်နဲ့ မိမိတို့ရဲ့ တစ်ဦးချင်းအင်အားတွေ စုစည်းနိုင်ရင် ကြီးမားတဲ့အင်အား တစ်ရပ်ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို အထူးအလေးအနက်ထားစဉ်းစားကြစေ လိုပါတယ်။ ဒီလိုစဉ်းစားပြီး တစ်ဦးချင်းဆုံးဖြတ်ရွေးချယ်ရာမှာလည်း ပထမဆုံး အနေနဲ့ ရိုးသားတည်ကြည်မှု၊ စိတ်ရှည်သဘောထားကြီးမှုနဲ့ အမြော်အမြင်ကြီးမှု စတဲ့နိုင်ငံသားတန်ဖိုး၊ လူမှုတန်ဖိုးများကို နှလုံးသွင်းပြီး စဉ်းစားဆုံးဖြတ် ရွေးချယ်ကြစေလိုပါတယ်။ ပြည်သူတစ်ဦးချင်းစီအနေနဲ့ မိမိတို့ရဲ့ သဘောဆန္ဒအတိုင်း  စိတ်ကြိုက်လွတ်လပ်စွာဆုံးဖြတ်ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။     ဒီလိုဆုံးဖြတ်ရွေးချယ်တဲ့အခါမှာလည်း မြန်မာတို့သည် ကောင်းမွန်တဲ့ ဆုံးဖြတ်ရွေးချယ်မှုများကို ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းရှိကြောင်းကိုလည်း သက်သေထူကြစေလိုပါတယ်။ 

 

တစ်ဖက်မှာလည်း ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊  နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ အားကောင်းမောင်းသန်မဖြစ်သေးတာဟာ အရှိတရားပဲ ဖြစ်ပါတယ်။  ဒီလိုအခက်အခဲတွေရှိနေတဲ့အတွက် ရာနှုန်းပြည့်ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲဆိုတာတွေကို ကျင်းပဖို့ အခက်အခဲများ ရှိနေတာကိုလည်း ကျွန်တော့်အနေနဲ့ နားလည်လက်ခံထားပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့အတွက် ရာနှုန်းပြည့်ကြိုးစားလုပ်ဆောင်ထားကြောင်း အသိပေး ပြောကြားလိုပါတယ်။ 

 

ကျွန်တော့်အနေနဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲရလဒ်များဟာ ပြည်သူများရဲ့ဆန္ဒအစစ်အမှန်တွေကို ထင်ဟပ်မယ်ဆိုတာ အခိုင်အမာယုံကြည် ထားပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီများနဲ့ လူပုဂ္ဂိုလ်အသီးသီးအနေနဲ့လည်း ပြည်သူများရဲ့ဆန္ဒကို လေးစားပြီး ရွေးကောက်ပွဲရလဒ်များအပေါ်မှာအလေး ထားကြိုဆိုလက်ခံကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

 

ရွေးကောက်ပွဲအလွန်ကာလမှာလည်း နိုင်ငံရေးအင်အားစုများ အားလုံးလက်ခံနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် နိုင်ငံရေးခေါင်းဆောင်များအားလုံး ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းအဖြေရှာ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ  အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ပါဝင်တဲ့  ခေါင်းဆောင်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့ခေါင်းဆောင်များဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်မှာ သမိုင်းဝင်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နိုင်ငံတကာနဲ့ မြန်မာ့နိုင်ငံရေးနယ်ပယ်က ဂုဏ်သိက္ခာကြီးမားတဲ့ နိုင်ငံရေးခေါင်းဆောင်များလည်း သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် ဒီစာချုပ်ရဲ့ တရားဝင်မှုနဲ့ ခိုင်မာမှုတို့ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ 

 

အခုရရှိခဲ့တဲ့  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဟာ မြန်မာနိုင်ငံသမိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ တညီတညွတ်တည်း သဘောတူညီနိုင်ခဲ့တဲ့ ပထမဆုံးနဲ့ အပြည့်စုံဆုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခုလည်း ဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်ကြရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးရဲ့ ဘုံအနာဂတ် တစ်ခုကို အတူတကွဖော်ဆောင်ကြမယ်လို့ ကတိကဝတ်ပြုလိုက်တဲ့ ပဋိညာဉ် တစ်ခုလည်း ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ  စာချုပ်မှာပါဝင်လက်မှတ်ရေးထိုး ခြင်းမပြုရသေးတဲ့ ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးအတွက် လမ်းဖွင့်ထားပြီး  ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ 

 

ဒီကိစ္စတွေဟာ လွယ်ကူမှုမရှိသလို   ခက်ခဲတဲ့အနေအထားတွေနဲ့ ပဋိပက္ခအချို့  ဆက်လက်ရှိနေသေးတာကိုလည်း  တွေ့မြင်နေရပါတယ်။ သို့သော်လည်းပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းသွားပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရမှာပဲဖြစ်ပါတယ်။ ဒီစာချုပ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နေရမယ့်နည်းတူ ပဋိပက္ခဒဏ်ခံဒေသများမှ ပြည်သူများကိုလည်း ငြိမ်းချမ်းရေးရဲ့ လက်ငင်းအကျိုးရလဒ်တွေ မြန်နိုင်သမျှ မြန်မြန် ခံစားရရှိစေဖို့ ဆောင်ရွက်သွားကြရမှာလည်း ဖြစ်ပါတယ်။ 

 

မြန်မာနိုင်ငံဟာ အပြန်အလှန်ထိန်းကျောင်းမှုမရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ဒီမိုကရေစီမရှိတဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာ  ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခများနဲ့လည်း  ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်တဲ့အချိန်မှာ ကဏ္ဍတိုင်းအတွက် ပြုပြင်ပြောင်းလဲ ရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံသားတိုင်းရဲ့ အနာဂတ်သစ်အတွက် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုတို့အပြင် နိုင်ငံ တကာအသိုက်အဝန်းနဲ့ ပြန်လည်ပေါင်းစည်းရေးဆိုတာတွေကို မျိုးဆက်သစ် တွေအတွက် လက်ဆင့်ကမ်းနိုင်အောင် အာရုံစိုက်ကြိုးပမ်းခဲ့ပါတယ်။ 

 

အစိုးရသက်တမ်းတစ်ကြိမ်အတွင်းမှာ ဒီလိုကြီးလေးလှတဲ့ လုပ်ငန်းစဉ်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန်တော့်အနေနဲ့ သမ္မတတာဝန်ယူပြီး အစိုးရအဖွဲ့ကို ဦးဆောင်ရတဲ့ ပထမဆုံးသက်တမ်းမှာအတွေး အခေါ်ဟောင်း၊ အမူအကျင့်ဟောင်းတွေနဲ့ ကိုယ်ကျိုးအတ္တကိုရှေ့တန်း တင်မှုတွေကိုဖယ်ရှားဖို့ ကြိုးပမ်းလျှောက်လှမ်းရတာဟာလည်း အလွန်သိမ်မွေ့ နက်နဲလှပါတယ်။   သို့သော်လည်း     ဒီလိုအခက်အခဲတွေကို   အောင်မြင်စွာ ကြိုးပမ်းဖြတ်သန်းနိုင်မှသာလျှင်   ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် အထူးလိုအပ်နေတဲ့ နိုင်ငံရေးစနစ်သစ်နဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်တွေ အမြစ် တွယ်အခြေခိုင်မာလာမယ့်အခွင့်အရေးကို  ရရှိမှာဖြစ်တဲ့အတွက် စိန်ခေါ်မှုတိုင်းကို ကြိုးပမ်းဖြေရှင်းနိုင်ခဲ့ပါတယ်။ 

 

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အသွင်ကူးပြောင်းရေးလမ်းကြောင်း ကို စတင်လျှောက်လှမ်းစဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီးကာလများမှာ အရှေ့အလယ်ပိုင်းက နိုင်ငံတချို့မှာလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အရှိန်အဟုန်ပြင်းပြင်းနဲ့   ကြိုးပမ်းခဲ့ကြတာရှိပါတယ်။  သို့သော်လည်း ဒီကနေ့မှာတော့ အဲ့ဒီနိုင်ငံတွေမှာ ပြည်တွင်းစစ်တွေနဲ့  မင်းမဲ့စိတ်ဆန်မှု တွေကိုသာ ဖြတ်သန်းနေရတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ကတော့ အပြည်ပြည်ဆိုင်ရာစံနှုန်းများနဲ့ တိုင်းတာရင် လိုအပ်ချက် များရှိနေသော်လည်း အသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့ အခြေခံများကို အဆင့်ဆင့်တိုးတက်တည်ဆောင်နိုင်ပြီး  ချောမွေ့စွာ  ကူးပြောင်းလျက် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အထူးအလေးအနက်ထား ပြောကြားချင်တာကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဟာ မိမိ တိုင်းပြည်မှာရှိနေတဲ့ အခြေခံအကြောင်းတရားများနဲ့ ပေးထားချက်များကို ဘက်ပေါင်းစုံကနေချင့်ချိန်သုံးသပ်ပြီး တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲနိုင်ဖို့ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို   သင့်လျော်တဲ့အချိန်မှာ လိုအပ်တဲ့       အရှိန်တစ်ခုနဲ့ ချိန်သားကိုက်ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

 

နိုင်ငံရေးအင်အားစုအားလုံး  နိုင်ငံရေးဖြစ်စဉ်မှာ   ပါဝင်လာနိုင်ရေး အတွက်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲများ    ကျင်းပနိုင်ခြင်း၊   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းနဲ့ နိုင်ငံရေးထိပ်သီးခေါင်းဆောင်များအကြား ဆွေးနွေးအဖြေရှာခြင်းများဟာ ကျွန်တော်တို့ လက်ထက်မှာ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံရေးယဉ်ကျေး မှုသစ်အသက်ဝင်လာခြင်းရဲ့ အကောင်းဆုံးသက်သေသာဓကများပဲ ဖြစ်ပါတယ်။ ဒီလိုအခြေခံကောင်းတွေကနေတစ်ဆင့်  ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

 

ဒီလိုဖြေရှင်းတဲ့အခါမှာလည်း နိုင်ငံရေးအင်အားစုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်နိုင်ဖို့ ဆိုတာတွေကိုလည်း အခိုင်အမာ တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီနိုင်ငံ   တည်ဆောက်ရေးကို  သဘောတူညီခဲ့ကြပြီးဖြစ်လို့ ခိုင်မာ အောင်  ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း   ပြောကြားလိုပါတယ်။ 

 

တစ်ဆက်တည်းမှာပဲ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာထင်ရှားတဲ့   အပြောင်းအလဲတွေကိုလည်း  ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တယ်လီဖုန်းဆက်သွယ်ရေးမှအစ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများမှာ အဆင့်ဆင့် တိုးတက်မြင့်မားမှုတွေရှိလာအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ပိုမိုထိရောက်ပြီး သွက်လက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးနိုင်တဲ့ ကျစ်လျစ်မှုရှိတဲ့ ဗျူရိုကရေစီယန္တရားတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့အခြေခံ ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ 

 

ပြည်သူလူထုအတွက် တကယ်ထိုက်တန်တဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းတွေပေးနိုင်ဖို့၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပညာရေးဝန်ဆောင်မှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ တစ်ဦးချင်းလွတ်လပ်ခွင့်နဲ့ ဘဝလုံခြုံမှုတွေရှိအောင် ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်ပြီး အားသွန် ခွန်စိုက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

 

ကျွန်တော့်အနေနဲ့ ကျွန်တော်တာဝန်ယူနေတဲ့ သက်တမ်းကာလအတွင်းမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒီအစိုးရသက်တမ်းကာလအတွင်းမှာပဲ ကျွန်တော်တို့ အနေနဲ့ အခက်အခဲများ၊ အကျပ်အတည်းများရဲ့ အဖြေတွေကို ပိုမိုတွေ့မြင်လာပါတယ်။ တစ်ဖန် ပြုပြင်ပြောင်းလဲရေးအတွက် အတားအဆီးဖြစ်နေတဲ့ စိန်ခေါ်မှုတွေကိုလည်း ပိုမိုမြင်တွေ့လာခဲ့ရပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာမှာ ဦးဆောင်ဦးရွက်ပေးမယ့်သူများအတွက်  ဒီလိုအတွေ့ အကြုံကောင်းတွေ အထူးလိုအပ်ပါတယ်။ ပြည်သူ့ရေးရာဝန်ဆောင်မှုကဏ္ဍတွေမှာ  ပိုမိုအာရုံစိုက်ဖို့လိုပြီး  ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေတဲ့ အဂတိလိုက်စားမှုကိုလည်း အမြစ်ပြတ်ဖယ်ရှားဖို့ လိုအပ်နေတာကိုလည်း တွေ့မြင်ရပါတယ်။ အရေးအကြီးဆုံးအနေနဲ့ကတော့ နိုင်ငံသားတိုင်း အလွယ်တကူရှင်းလင်းစွာ နားလည်ပြီး   ပါဝင်လုပ်ကိုင်အကျိုးဖြစ်ထွန်းစေနိုင်မယ့် ချမှတ်ထားတဲ့ ကာလတို၊ ကာလလတ်၊ ကာလရှည်စီးပွားရေးစီမံကိန်းတွေကို ဆက်လက်အကောင်အထည် ဖော်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့မှာ ကြီးမားတဲ့အခြေခံများရှိနေပြီဖြစ် ကြောင်းပြောကြားလိုပါတယ်။ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများတိုးတက်ရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုတို့ကို ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် အထူးလိုအပ် တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ 

 

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊  ပြည်သူများရဲ့     စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊    ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ    ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ 

 

မိဘပြည်သူများ   ကိုယ်၏ကျန်းမာခြင်း၊   စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။