၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ပြောကြားသည့် နိုင်ငံတော် သမ္မတကြီး၏ အဖွင့် မိန့်ခွန်း

 

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၁၉

ယနေ့ ကျင်းပတဲ့ “နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟို ကော်မတီ အစည်းအဝေး ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်” သို့ ကြွရောက်လာကြတဲ့ ဒုတိယသမ္မတ နှင့်တကွ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဥက္ကဋ္ဌများနဲ့ ကမ္ဘာ တစ်ဝှမ်းမှ အလှူရှင်နိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဧည်သည်တော်များခင်ဗျား မဂFလာပါလို့ ဦးစွာ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းများ အပါအဝင်  အားလုံးစုံညီစွာ တက်ရောက် ပေးကြတဲ့ အတွက် အလွန် ဝမ်း မြောက် ဂုဏ်ယူမိပါတယ်။

 

အဆွေတော်တို့ အားလုံး သိရှိကြတဲ့အတိုင်း  နိုင်ငံတော် အစိုးရရဲ့ ပထမအဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာမှာ နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို သိသာထင်ရှားစွာ ဆောင်ရွက်ခဲ့တာကို တွေ့ရှိခဲ့ရမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်ရဲ့ ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာကို နိုင်ငံရဲ့ စီးပွားရေး ဖွံဖြိုး တိုးတက်မှုနဲ့ ပြည်သူများရဲ့ လူမှု စီးပွားရေးဘဝ တိုးတက်ရေးအတွက် အာရုံစိုက် ဆောင်ရွက်သွားဖို့ နိုင်ငံရဲ့ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကာလတို (၅) နှစ် စီမံကိန်းများဖြင့် ကာလရှည်  (၂၀၁၁ မှ ၂၀၃၁) ခုနှစ်အထိ နှစ်(၂၀) လွှမ်းခြုံတဲ့ အမျိုးသား ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (National Comprehensive Development Plan- NCDP) ကို ရေးဆွဲလျက် ရှိပါတယ်။ မိမိတို့ရဲ့ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာနဲ့ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း တွေကိုလည်း” အဆွေတော်တို့အား ချပြတိုင်ပင် ဆွေးနွေး သွားမှာ ဖြစ်ပါ တယ်။ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲရေး အခြေခံ မူဘောင် (Framework on Economic and Social Reform) အရ  ပြည်သူ့ ဗဟိုပြု ဖွံ့ဖြိုးမှု (People Centered Development) နည်းလမ်းနဲ့ ချဉ်းကပ် အကောင်အထည် ဖော်ဆောင် သွားမှာ ဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်စနစ် ၊ ငွေကြေးကဏ္ဍ ၊ ကုန်သွယ်မှု နှင့် ရင်းနှီး မြှုပ်နှံမှုများ အတွက် ဖြေလျှော့မှုများ၊ ပုဂ္ဂလိကကဏ္ဍ  ဖွံ့ဖြိုး တိုးတက်မှု၊ ကျန်းမာရေး နှင့်ပညာရေး၊ စားနပ် ရိက္ခာဖူလုံမှုနှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု၊ အစိုးရစနစ်နှင့် ပွင့်လင်း မြင်သာမှု ရှိရေး ဆောင်ရွက်ရန်များ၊ မိုဘိုင်းလ်ဖုန်း နှင့် အင်တာနက်စနစ် တိုးတက် ဖြစ်ပေါ်ရေး ဆောင်ရွက်ရန်များ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ထိရောက်၊ ထက်မြက်သည့် အစိုးရစနစ် ဖြစ်ပေါ်ရေး အစီအစဉ်များ အဖြစ် ဦးစားပေး နယ်ပယ် (၁၀) ရပ် ပါဝင်ပါကြောင်း အသိပေး ပြောကြားလိုပါတယ်။

 

ကြွရောက်လာကြတဲ့ ဧည်သည်တော်များခင်ဗျား

ယခုအခါ နိုင်ငံတော်ရဲ့ တတိယအဆင့် ပြုပြင် ပြောင်းလဲရေးအတွက် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး စနစ်ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်လျှက်ရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်မှုနဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေးဘဝ တိုးတက်ရေး အတွက် မိမိတို့ အစိုးရ အနေနဲ့ ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ် (Good Governance) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) ဖြစ်ပေါ်စေရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။

 

နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော်ကို ပြုပြင် တည်ဆောက်လာခဲ့တာ ၁ နှစ် ၉ လ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည် ဖော်ဆောင်မှုတွေ‌ကြောင့် ပြီးခဲ့တဲ့ (၆) လတာ ကာလအတွင်း ကမ္ဘာ့နိုင်ငံများရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒများဟာ ဘက်စုံ အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲတာကို တွေ့မြင်နိုင် ပါတယ်။ ဒီလို တစ်ဆင့်ပြီး တစ်ဆင့် ပြုပြင် ပြောင်းလဲ တိုးတက် ဆောင်ရွက်လာမှုတွေ အပေါ်မှာ နိုင်ငံတကာက အကူအညီ အထောက်အပံ့ ပေးလိုတဲ့ အဖွဲ့အစည်းများက မိမိတို့နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အစီအမံများကို ဦးစားပေး ကဏ္ဍ (Priority Sector) နှင့် ဦးစားပေးနယ်မြေ (Priority Area) တို့ကို သိရှိလိုကြတဲ့ အတွက် ယခုကဲ့သို့ ဖိုရမ်ကို ကျင်းပ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ မြန်မာအစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒများအနေနဲ့ စိုက်ပျိုးရေးကို ပိုမို တိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံ ထူထောင်ရေးနှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား အချိုးကျမျှတစွာ ဖွံ့ဖြိုး တိုးတက်စေရေး၊   ပြည်သူလူထု တစ်ရပ်လုံး ရရှိခံစားနိုင်မည့် လူမှု- စီးပွား နယ်ပယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေး ၊ စာရင်းအင်း ကိန်းဂဏန်းများ မှန်ကန်ရေးနှင့် စာရင်းအင်း ဆိုင်ရာ နည်းစနစ်များ ပြင်ဆင်‌ရေး စတဲ့ စီးပွားရေး မူဝါဒေတွကို  ချမှတ်ထားပါတယ်။

 

ကြွရောက်လာကြတဲ့  ဧည်သည်တော်များခင်ဗျား

၂၀၀၅ ခုနှစ် ပဲရစ်ကြေညာစာတမ်းအရ အကူအညီ အထောက်အပံ့များ ထိရောက် အကျိုးရှိရေးအတွက် ချမှတ်ထားတဲ့ ပိုင်ဆိုင်မှု (Ownership )၊ ညီညွတ်မှု (Alignment) ၊ လိုက်လျော ညီထွေရှိမှု (Harmonisation)၊ ရလာဒ်အတွက် စီမံဆောင်ရွက်မှု (Managing For Result) ၊ အပြန်အလှန် တာဝန်ယူမှု (Mutual Accountability) စတဲ့ အခြေခံမူ (၅)ရပ်နဲ့အညီ မိမိတို့ နိုင်ငံအနေနဲ့ အကူအညီ အထောက် အပံ့ပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ ဖွံ့ဖြိုးမှု အကူအညီတွေ ထိထိ ရောက်ရောက် ရှိဖို့ ကိစ္စဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် အလွန် အရေးကြီးပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး၏ လူနေမှု ဘဝအရည်အသွေးကို တိုးတက်စေနိုင်မည့် လူမှု- စီးပွားနယ်ပယ် အသီးသီးကို ပြည်တွင်းမှာရှိတဲ့ အစိုးရ ( government)၊ ပြည်သူ ( Public) ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ( Private Business Entrepreneurs)၊ လူမှု အဖွဲ့အစည်းများ( Civil Society) ၊ ဒေသတွင်း အစိုးရ မဟုတ်သည့် အဖွဲ့ အစည်း များ (LNGOs) စတဲ့ ပြည်တွင်းအားကိုသာမက  အပြည်ပြည်ဆိုင်ရာမှ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများ (International Donor Community and Organizations)၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ (INGOs) စသည့် Stakeholders အသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ မိမိတို့နိုင်ငံဖွံ့ဖြိုးမှုဟာ ပိုမိုမြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။

 

အကူအညီ အထောက်အပံ့၊ ချေးငွေများကို လက်ခံရယူတဲ့အခါ အိမ်ရှင်နိုင်ငံက အဓိကမောင်းနှင်သူ နေရာယူပြီး နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ထောင်စုနှစ် ပန်းတိုင် များ (Millennium Development Goals-MDGs) ကဲ့သို့သော ပန်းတိုင်နှင့် ရည်မှန်း ချက်များလည်း ပြည့်မှီစေနိုင်သလို အကူအညီ အထောက်အပံ့ပေးအပ်တဲ့ နိုင်ငံရဲ့ စေတနာအရ ထိရောက်တဲ့ ဖွံ့ဖြိုးမှု အကူအညီများ ဖြစ်ပေါ်စေရေး အတွက် မိမိတို့ နိုင်ငံမှာ အကျိုးရှိအောင် အသုံးပြုဖို့ လိုပါတယ်။ ထိရောက်တဲ့ ဖွံ့ဖြိုးမှု အကူအညီ ဖြစ်ဖို့ အဖွဲ့အစည်းဆိုင်ရာ ယန္တယား တစ်ရပ်ကို ထူထောင်ပြီး စောင့်ကြပ်ကြည့် ရှူခြင်း နှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation-M&E) ကိုလည်း သေချာစွာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဖွံ့ဖြိုးမှုမိတ်ဖက်များမှ မိမိတို့ ဆောင်ရွက်နေတဲ့ စီမံချက်များနဲ့ စပ်လျဉ်းသည့်  သတင်းအချက်အလက်တွေကို ပုံမှန်ပေးပို့ခြင်းဖြင့် အကူ အညီများ ပိုမို ထိရောက် စေနိုင်မှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန် မြှင့်တင်ရာတွင် နိုင်ငံတကာ အသိုင်း အဝိုင်းရဲ့ အသိပညာ ဗဟုသုတ၊ အတွေ့အကြုံနှင့် အရင်းအမြစ်များကို အသုံးပြုနိုင်ရန် အတွက် မိမိတို့ အစိုးရအနေနဲ့ ပြည်သူများ အတွက်  ဖွံ့ဖြိုးမှုမိတ်ဘက်များနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ ပိုမို ထိရောက်ရေး အတွက် ခိုင်မာသော လုပ်ဆောင်ချက်များကို ဆောင် ရွက်သွားရန် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးတွင် ထိရောက်မှု ရှိစေမည့် နေပြည်တော် သဘောတူညီချက်ကို အတည်ပြုထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် ထိရောက်တဲ့ ဖွံ့ဖြိုးမှု အကူအညီဆိုရာမှာ အကူအညီ ၊ အထောက်အပံ့များ၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဖြင့် ကောင်းမွန်သော ရလဒ်နဲ့ ပြယုဒ်ကြောင့် အကူအညီများ ပိုပြီး စီးဝင်စေခြင်း၊ အလှူရှင်များ၏ စိတ်ဆန္ဒ စေတနာ ပိုရှိစေခြင်း ထိရောက်တဲ့ အကောင် အထည်ဖော်မှုတွေနဲ့ မိမိတို့နိုင်ငံရဲ့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်စေခြင်း၊ လူနေမှုဘဝ အရည်အသွေး တိုးတက်စေခြင်း၊ လူသား ဖွံ့ဖြိုးမှု (Human Development) ဖြစ်ပေါ်စေတဲ့အတွက် မိမိတို့ နိုင်ငံရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုသို့ ကူးပြောင်းမှု ဖြစ်စဉ် ကို များစွာ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

 

ကြွရောက်လာကြတဲ့ ဧည်သည်တော်များခင်ဗျား

မိမိတို့အစိုးရဟာ ပြည်သူ ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရ ဖြစ်တဲ့အတွက် ပြည်သူ ရဲ့ အကျိုးစီးပွား၊ ပြည်သူရဲ့ မျှော်မှန်းချက်နဲ့ ပြည်သူရဲ့ဆန္ဒတွေကို အကောင် အထည်ဖော် ဆောင်ရွက်ပေးဖို့ People centered government ဖြစ်ဖို့ လိုအပ်ပါ တယ်။ လယ်ယာ ကုန်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ကုန်ထုတ် လုပ်ငန်းနှင့် အိမ်တွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အသေးစား ပုဂ္ဂလိကငွေစုငွေချေး (Micro Credit) လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက် သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊  ကျေးလက် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေး၊ အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတာတွေ ဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ဝင်ငွေ တိုးတက်ရရှိရေး အတွက် အထူး အလေးထား ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ပြည်သူ များ တိုက်ရိုက် ခံစားရရှိစေသည့်  ကျန်းမာရေး စောင့်ရှောက်မှု ရရှိခံစားနိုင်ရေး၊ ပညာရေး တိုးတက်မှုရှိရေး၊ လူမှုဘဝ ဖူလုံရေး၊ လျှပ်စစ်မီး သုံးစွဲနိုင်ရေး၊ ဆက်သွယ်မှု စနစ် ကောင်းမွန်ရေးများကိုလည်း တပါတည်း အလေးထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။  လယ်ယာကဏ္ဍ သက်သက် တစ်ရပ်သာမကဘဲ စက်မှု လုပ်ငန်းများ ထူထောင်ပြီး နိုင်ငံ တကာ ဈေးကွက်သို့ မိမိနိုင်ငံ၏ ပို့ကုန်များ တင်ပို့ နိုင်ရေးကိုလည်း အထူး စီမံကိန်းများဖြင့် အကောင်အထည် ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ်တွေကို  ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ  အသိုင်းအဝိုင်း အကူအညီများ ရရှိပါက မိမိတို့၏ ရည်မှန်းချက်များ ပိုမို ပေါက်မြောက် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

 

ကြွရောက်လာကြတဲ့ ဧည်သည်တော်များခင်ဗျား

တိုင်းပြည် တည်ငြိမ်အေးချမ်းရေး( Peace and stability) နဲ့ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး ( Socio-economic Development) ဟာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို အမှီသဟဲ ပြုနေပါတယ်။ တိုင်းပြည် တည်ငြိမ် အေးချမ်းမှသာ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်သလို လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှလည်း တိုင်းပြည် တည်ငြိမ် အေးချမ်းမှာ ဖြစ်ပါတယ်။ Unity and diversity ဆိုတဲ့ သဘောတရားအတိုင်း သဘောထား တူညီတာတွေ ရှိသလို မတူညီတာတွေ ရှိတာကိုလည်း လက်ခံရမှာ ဖြစ်ပါတယ်။ တူညီတာတွေကို တိုင်းပြည်နဲ့ လူမျိုးအတွက် ပူးပေါင်း ဆောင်ရွက်ပြီး မတူညီတာတွေကို စိတ်ရှည် သည်းခံပြီး တဖြည်းဖြည်း တူညီသည်အထိ ညှိနှိုင်းရယူသွားရမှာ ဖြစ်ပါတယ်။ ရင်ကြားစေ့တဲ့ အနေအထားမျိုး ရောက်လာအောင် မိမိတို့ လက်တွေ့ ကြိုးစား ဆောင်ရွက် နေပါတယ်။

 

တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် ဒီလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းဟာ  မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာလည်း တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ရအောင်၊ သာမန် မခိုင်မြဲတဲ့ ငြိမ်းချမ်းရေး အဆင့်မှ ရေရှည် တည်တံ့ ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေး ရအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်း နေထိုင်ခဲ့ရသူတွေ၊ ငြိမ်းချမ်းရေး ရယူခဲ့တဲ့ အဖွဲ့တွေရဲ့ လူမှု- စီးပွား အခြေအနေများ တိုးတက် ကောင်းမွန်စေရေး၊ အဆိုပါ ဒေသများမှာ စီးပွားရေး အခွင့်အလမ်းနဲ့ အလုပ်အကိုင် ဖန်တီးရေး တို့အတွက် အလွန်အရေးပါလျှက် ရှိပါတယ်။ ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှု ဗဟိုဌာန (Peace Development Centre) ထူထောင်ထားပြီး ဖြစ်သလို ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှု ရံပုံငွေ ( Peace Development Fund) မှာ ပါဝင်လှူဒါန်းတဲ့ အလှူရှင် နိုင်ငံများအားလည်း ကျေးဇူး အထူးတင် ရှိပါကြောင်း ဒီနေရာကနေ ပြောကြား လိုပါ တယ်။

 

အလျဉ်းသင့်လို့ KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျွန်တော့်အနေနဲ့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ KIO မှလွှဲပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီး Political Dialogue ကိစ္စရပ်များကို ယခု ၂၀၁၃ နှစ်ဦးပိုင်းမှာ စပြီး ဆောင်ရွက်ဘို့ ပြင်ဆင်ပြီး ဖြစ်ပါတယ်။ KIO ကိုလည်း ငြိမ်းချမ်းရေး ဆောင်ရွက်ဘို့ ဆက်လက် ကမ်းလှမ်းထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံ ဖိတ်ခေါ် လိုက်ပါတယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်း လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးကိစ္စ ဆောင်ရွက်မှုများ ရပ်ဆိုင်းဘို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အလားတူ ရပ်ဆိုင်း ပေးသွားဖို့ လိုအပ်ပါတယ်။

 

လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကို ကောက်ယူရန် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ နှစ်(၃၀) ခန့်ကြာမှ သန်းခေါင် စာရင်းကို ထပ်မံ ကောက်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်မယ့် အကူအညီ အထောက်အပံ့တွေကို နိုင်ငံတကာ အဖွဲ့ အစည်းများမှ ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးဖို့အတွက် လိုအပ်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ဒီဖိုရမ်ဟာ မိမိတို့ နိုင်ငံအတွက် နှစ်ပေါင်း (၅၀) ကျော်အတွင်း ပထမဆုံး ကျင်းပ ဆောင်ရွက်တဲ့ ဖိုရမ်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့များနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် ဧည့်သည်တော်များ အားလုံး မအားလပ်တဲ့ ကြားက စုံညီစွာ တက်ရောက်ပေးကြတဲ့ အတွက် အထူးကျေးဇူးတင် ရှိပါကြောင်း ပြောကြား လိုပါတယ်။  ယခု ဖိုရမ်မှာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးမှု အတွက် အလွန် အရေးပါတဲ့ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာနဲ့ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကို ချပြ ဆွေးနွေးမှာ ဖြစ်သလို ဖွံ့ဖြိုးမှု မိတ်ဖက်များ အနေဖြင့်လည်း တတ်စွမ်းသမျှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ဘို့ ဆွေးနွေးပေးပါရန်နဲ့ ဖွံ့ဖြိုးမှု အတွေ့အကြုံများကို ဝေမျှနိုင်ဖို့၊ သီးခြားဆွေးနွေးမယ့် Session တွေမှာလည်း ရလဒ်ကောင်းတွေ ပေါ်ထွက် နိုင်ဖို့ မျှော်လင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။