အားကစားအဖွဲ့ချုပ်အလိုက် နည်းပြတစ်ဦးချင်းစီ၏ အရည်အချင်းတိုးတက်စေရေးနှင့် နည်းပြများ၊နည်းပြချုပ်၊နည်းပြ၊ Trainer ၊ Helper များ အတည်ပြုသတ်မှတ်နိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၂၉

အားကစားအဖွဲ့ချုပ်အလိုက် နည်းပြတစ်ဦးချင်းစီ၏ အရည်အချင်းတိုးတက်စေရေးနှင့် နည်းပြများ၊ နည်းပြချုပ်၊ နည်းပြ၊ Trainer ၊ Helperများ အတည်ပြုသတ်မှတ်နိုင်ရေး တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရန် အားကစားနည်းအလိုက် နည်းပြများ အရည်အသွေးသည် အသက်သွေးကြောပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းပြများ စွမ်းဆောင်ရည်များကို ပြန်လည် ဆန်းစစ်၍ Level အဆင့်သတ်မှတ်ကာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ နည်းပြများသည် Tea-ching Skill သင်ကြားမှုအားနည်းပါကြောင်း၊ Training Programe ရေးဆွဲတတ်စေရေးအတွက် တစ်လသင်တန်း များတွင် အဓိကထား သင်ကြားနေမည်ဖြစ်ပါကြောင်း၊ မကြာခင် နည်းပြသုံးလသင်တန်းဖွင့်လှစ်ရန် ရည်ရွယ် ထားပါကြောင်း၊ နည်းပြ တစ်နှစ်သင်တန်း Diplomer အဆင့်သတ်မှတ်ပြီး ဖွင့်လှစ်ရန် သင်ရိုးညွှန်းတမ်းရေးဆွဲနေပြီဖြစ်ပါကြောင်း၊ အဆိုပါ တစ်နှစ်သင်တန်းတက်ရောက် နိုင်ရေးအတွက် နည်းပြများဝင်ခွင့်သင်တန်းဖြေဆိုရမည် ဖြစ်ပြီး အောင်မြင်သူများကို တက်ရောက်စေမည်ဖြစ်ပါ ကြောင်း၊ နည်းပြ တစ်နှစ်သင်တန်းကို BSc sports သင်တန်းနှင့် တွဲဖက်တက်ရောက်ရမည် ဖြစ်ပါကြောင်း၊ အားကစားသမားဘဝမှ နည်းပြလိုင်းသို့ ကူးပြောင်းပြီး နည်းပြလုပ်ကိုင်ချင်သူများကို သီးခြားရွေးချယ်ပြီး သင်ကြားမှုအခြေခံလေ့ကျင့်ရေး သဘောတရားများ၊ အားကစားသမားများအား စိတ်ပိုင်းဆိုင်ရာနားလည်မှု ရှိစေရေး စသည်တို့ကို လေ့ကျင့်ပေးစေလိုကြောင်း နိုင်ငံ တကာတွင်လည်း အားကစားနည်းပြများအား Level အလိုက် အဆင့်သတ်မှတ် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း၊ နည်းပြသင်တန်းပို့ချရာတွင် လိုအပ်သောသင်ထောက်ကူ ပစ္စည်းများထောက်ပံ့ရန် လိုအပ်ပါကြောင်း၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် အားကစားအဖွဲ့ချုပ် တစ်ခုချင်းစီ၏ နည်းပြအရည်အချင်း သတ်မှတ်ဆွေးနွေးမှုများကို ယခု အစည်းအဝေးတွင် တင်ပြရန်လိုအပ်ပါကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသူများမှ လိုအပ်သောအကြံဉာဏ် များ ရယူဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ နိုင်ငံတကာ အားကစားနည်းပြများတွင် (Service Book) သတ်မှတ်ပေး ထားပြီး နည်းပြတစ်ဦးချင်းစီ၏ ပြိုင်ပွဲတွင်ပါဝင်၍ နည်းပြ ဆောင်ရွက်မှု မှတ်တမ်း၊ သင်တန်းတက်ရောက်မှုမှတ်တမ်း ထားရှိ၍ ဆောင်ရွက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ နည်းပြများ အရည်အချင်းမြှင့်တင်ဆောင်ရွက်ရန် ဦးစား ပေးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ နည်းပြပိုင်းအရည် အသွေး မြှင့်တင်ပြီးပါက မျိုးဆက်သစ်အားကစားသမားများ ရရှိရေး ဆက်လက် အကောင်ထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နည်းပြ၊ အားကစားသမား ရရှိပြီးပါက စီမံအုပ်ချုပ်မှုအပိုင်းမှ မြန်မာအားကစားအောင်မြင်ရေး တွင် ဆက်လက် အကောင်ထည်ဖော်ဆောင်ရွက်ရမည်ကို စီမံချက်ရေးဆွဲကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးမှ နည်းပြအရည်အသွေးတိုးတက်ရေး Level သတ်မှတ်ရေးကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က ရန်ကုန်မြို့၌ ဇွန် ၂၅ ရက်နှင့် ၂၆ ရက်များတွင် အားကစားအဖွဲ့ချုပ် ၃၁ ဖွဲ့မှ ကိုယ်စားလှယ် ၅၁ ဦးနှင့် တွေ့ဆုံ၍ အားကစားနည်းအလိုက် နည်းပြချုပ်၊ နည်းပြ၊ လက်ထောက်နည်းပြ၊ အကူနည်းပြများ သတ်မှတ်နိုင်ရေး အားကစားနည်းအလိုက် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများတွင် သင်ကြားနိုင်ရေး၊ သင်ရိုးညွှန်းတမ်းရေးဆွဲနိုင်ရေး၊ ပြည်ပသို့နည်းပြများ သင်တန်းစေလွှတ်နိုင်ရေး၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသို့ အားကစား နည်းအလိုက် နည်းပြများစေလွှတ်နိုင်ရေး စသည်တို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်တင်ပြ ဆွေးနွေးသည်။
ထို့နောက် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး တို့က အားကစား အဖွဲ့ချုပ်များ၊ အားကစားနည်းများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူ များ၊ အကြံပြုဝိုင်းဝန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်