ချင်းပြည်နယ်တွင် ပထမဆုံးဖြစ်သည့် ဟားခါးပညာရေးကောလိပ်ဖွင့်ပွဲ ကျင်းပ

 
ဟားခါး    ဖေဖော်ဝါရီ    ၂၃
 
ချင်းပြည်နယ်၏ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး၊ ဆရာ ဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းခန့်ထားနိုင်ရေးနှင့် အရည်အသွေးရှိသည့် ပညာရေးဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရေးတို့အတွက် ချင်းပြည်နယ်တွင် ပထမဆုံးဖြစ်သည့် ဟားခါးပညာရေးကောလိပ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းကကျင်းပရာ      တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်အားပေးသည်။
 
ရှေးဦးစွာ ဟားခါးပညာရေးကောလိပ်မုခ်ဦးဖွင့်ပွဲကို အဆိုပါမုခ်ဦးရှေ့၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်  ဆလိုင်းလျန်လွယ်၊  အဆင့်မြင့်ပညာ ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာအောင်အောင်မင်းနှင့် ဟားခါးပညာရေးကောလိပ်ကျောင်းအုပ်ကြီး ဦးဟရန်ဘွဲပုမ်တို့က မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က  ဟားခါး ပညာရေးကောလိပ်ဆိုင်းဘုတ်ကို   စက်ခလုတ်နှိပ်၍    ဖွင့်လှစ်ပေးကာ ပြည်ထောင်စုဝန်ကြီး၊ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေး နံ့သာရည် ပက်ဖျန်းပေးကြသည်။
 
ထို့နောက် ဟားခါးပညာရေးကောလိပ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကားပြောကြားပြီး အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာအောင်အောင်မင်းက ကျေးဇူးတင်စကားပြောကြားကာ ဟားခါးပညာရေးကောလိပ်ကျောင်းအုပ်ကြီး   ဦးဟရန်ဘွဲပုမ်က  ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။
 
ဟားခါးပညာရေးကောလိပ်ကို  ၂ဝ၁၇  ခုနှစ်  ဒီဇင်ဘာ ၄ ရက်က သင်ကြားမှုစတင်ဆောင်ရွက်ခဲ့ပြီး သင်တန်းသား ၅ဝ ကို ဆရာ ဆရာမ ၂၆ ဦးက ဆရာအတတ်ပညာများ စာတွေ့၊ လက်တွေ့သင်ကြားပေး လျက်ရှိသည်။
 
ချင်းပြည်နယ်၏ အဆင့်မြင့်ပညာရေးကဏ္ဍအတွက် ဟားခါးမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံနှင့်  ဟားခါးကောလိပ်သာရှိခဲ့ရာမှ ယခု ဆရာအတတ် ပညာများကို သင်ယူနိုင်မည့် ဟားခါးပညာရေးကောလိပ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ကြောင့် ချင်းပြည်နယ်၏ ပညာရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။                     
           
ပြည်နယ်(ပြန်/ဆက်)