ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

 

နေပြည်တော် မေ ၂၂

 

နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲ ကြုံတွေ့နေရသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာ နိုင်ငံသား ၇၂ ဦးနှင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ကနေဒါနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ကာတာနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အီတလီနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ မြန်မာနိုင်ငံသား ၆၀ စုစုပေါင်း ၁၃၂ ဦးတို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် Myanmar Airways International-MAI ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ထို့ပြင် ပြင်သစ်နိုင်ငံတွင် အခက်အခဲကြုံ တွေ့နေကြသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် အီတလီနိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြ သည့် မြန်မာသင်္ဘောသား ၂၅ ဦး စုစုပေါင်း ၃၂ ဦးကိုလည်း ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်းလာသည့်အထူးလေယာဉ် Amelia- NL 401 ဖြင့် ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ် ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား စုစုပေါင်း ၂၂၀၁ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိ ရသည်။ သတင်းစဉ်