နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရွှေပလ္လင်လုပ်ငန်းစုမှ မန်နေဂျင်းဒါရိုက်တာ၊ စားသုံးသူပြည်သူတစ်ဦး၊ ခိုင်ခိုင်ကျော်အုပ်စု ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိ

 

နေပြည်တော် မေ ၂၂

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရွှေပလ္လင်လုပ်ငန်းစုမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဌေး၊ စားသုံးသူပြည်သူ ဒေါ်ယဉ်ယဉ်ငြိမ်း၊ ခိုင်ခိုင်ကျော်အုပ်စု ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မြတ်မိုးတို့နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးသည်။
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ရွှေပလ္လင်လုပ်ငန်းစုမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဌေးက ပြည်သူများ စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များတွင် လာရောက်စားသုံးမှုနှင့် ယဉ်ကျေးမှုအလေ့အထ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် စားသောက်ဆိုင်များတွင် ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ များကို လည်းကောင်း၊ စားသုံးသူပြည်သူ ဒေါ်ယဉ်ယဉ်ငြိမ်း က အမျိုးသမီးများ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များသို့ သွားရောက်၍ ဆိုင်ထိုင်စားသုံးသည့် အကြောင်းအရင်း၊
အခြေခံလူတန်းစားများနှင့် ရုံးဝန်ထမ်းများ အဓိက စားသောက်လျက်ရှိသည့် ရပ်ကွက်များနှင့် လမ်းဘေးရှိ စားသောက် ဆိုင်ငယ်များ၏ အခက်အခဲများနှင့် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်မှု အခြေအနေများကို လည်းကောင်း၊ ခိုင်ခိုင်ကျော်အုပ်စု ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မြတ်မိုးက အစားအစာ ဘေးကင်းလုံခြုံစိတ်ချမှု နှင့် သန့်ရှင်းမှု၊ Social Distancing အတွက် ဆောင်ရွက် ထားရှိမှု၊ ကုမ္ပဏီအနေဖြင့် ဆိုင်များပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက် ဝန်ထမ်းများအား စိစစ်ပြန်လည်ခေါ်ယူရေး အဖွဲ့၊ ပြင်ဆင်ဆောင်ရွက်ရေးအဖွဲ့၊ ကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့နှင့် သင်ကြားရေးနှင့် ပညာပေးရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးအရ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံမှုရှိစေရေးနှင့် စားသောက် ဆိုင်ငယ်များတွင် ပါဆယ်ယူသည့်စနစ် ကျင့်သုံးရေးတို့ကို လမ်းညွှန်မှာကြားပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးလိုအပ်မှု၊ စားသောက်ဆိုင်နှင့် လမ်းဘေး ဆိုင်ငယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော် က ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
သတိထားရမည့်အချက်များ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် ယခုကဲ့သို့ ရှင်းလင်း ပြောကြားကြသည့်အတွက် လုပ်ငန်းရှင်များ၏ အခက်အခဲကို နားလည်ပါကြောင်း၊ နားထောင်နေသည့် ပြည်သူများအနေဖြင့်လည်း နားလည်မည်ဟု ယုံကြည် ပါကြောင်း၊ လုပ်ငန်းရှင်များ၏ စားသောက်ဆိုင်များကို ပြင်ဆင်ရသည့် အခက်အခဲများသည် ပြည်သူများ သတိထားရမည့်အချက်များနှင့် ဒွန်တွဲနေပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း သတိထားရမည်၊ ပူးပေါင်းပါဝင်ရမည်ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်မှသာ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် မည့် စီမံကိန်းသည် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။
အဘက်ဘက်က ကြိုးစားဆောင်ရွက်
မိမိတို့အနေဖြင့်လည်း စားသောက်ဆိုင်များကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်စေချင်ပါကြောင်း၊ စားသောက် ဆိုင်များကို မှီခိုနေရသည့် အလုပ်သမား၊ ဝန်ထမ်းများကို လည်း အဆင်ပြေစေချင်ပါကြောင်း၊ စားသောက်ဆိုင် လုပ်ငန်းရှင်များကိုလည်း အဆင်ပြေစေချင်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတိုးတက်အောင်မြင်ရန် စီးပွားရေးလုပ်ငန်း များ တိုးတက်အောင်မြင်ရန် အလွန်အရေးကြီးပါကြောင်း၊ စားသောက်ဆိုင်ကိုသွားသည့် ပြည်သူများလည်း စိတ်ချမ်းသာ အဆင်ပြေစေချင်ပါကြောင်း၊ အဘက်ဘက် က ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ကိစ္စအမျိုးမျိုးကို ထည့်သွင်းစဉ်းစား
လမ်းဘေးစားသောက်ဆိုင်များနှင့် ပတ်သက်၍ လက်တွေ့ကျကျ စဉ်းစားဆောင်ရွက်ရမည်ဆိုပါက ပါဆယ်ယူသည့်စနစ်ကို ကျင့်သုံးရန် လိုအပ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် ယခင်ကထက် ပလတ်စတစ်ကို သုံးစွဲလာရသည့်အခြေအနေ ဖြစ်လာ ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့လည်ပတ်ရန် ကိစ္စအမျိုးမျိုးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရပါကြောင်း၊ သုံးစွဲပြီးသား ပလတ်စတစ်များကို မည်သို့ပြန်လည်အသုံးပြုရမည်၊ နိုင်ငံအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် မည်သို့ ဆောင်ရွက်ရမည်ကို တစ်ခါတည်း ထည့်သွင်းစဉ်းစားရ ပါကြောင်း၊ ပလတ်စတစ်၏ နောက်ဆက်တွဲ အကျိုးဆက် များသည် များပြားပါကြောင်း၊ ထို့ကြောင့် ပလတ်စတစ် သုံးစွဲမှု ပိုမိုများပြားလာပါက အကောင်းဆုံးဖြစ်အောင် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို လုပ်ငန်းရှင်များ၊ ပြည်သူများအားလုံး ဝိုင်းဝန်း၍ အကြံကောင်းများ ပေးစေလိုပါကြောင်း။
တစ်ယောက်ကိုတစ်ယောက် ကူညီ
ကိုဗစ်-၁၉ နှင့် ပတ်သက်၍ လူသားများအားလုံး အတွက် အခက်အခဲဆုံးကိစ္စသည် Social Distancing ဖြစ်ပါကြောင်း၊ လူသားများအားလုံးသည် ရင်းရင်းနှီးနှီး၊ နွေးနွေးထွေးထွေး နေချင်ကြသည့် စိတ်ဆန္ဒရှိပါကြောင်း၊ မိတ်ဆွေများနှင့် ပျော်ပျော်ရွှင်ရွှင် တွေ့ချင်၊ သွားချင်၊ လာချင်၊ နေချင်ပါကြောင်း၊ မိသားစုများသည်လည်း စုစုစည်းစည်း၊ ပျော်ပျော်ရွှင်ရွှင် သွားချင်၊ လာချင်၊ နေချင် ပါကြောင်း၊ အဆိုပါအလေ့အကျင့်များကို ပြောင်းလဲရန် မလွယ်ကူပါကြောင်း၊ မလွယ်ကူသည့်အတွက် အားလုံး ဝိုင်းဝန်းပြီး တစ်ယောက်ကိုတစ်ယောက် ကူညီရန် လိုအပ်ပါကြောင်း၊ ယခုလိုအချိန်တွင် ယခင်ကဲ့သို့ မိတ်မပျက်၊ ဆွေမပျက်နေနိုင်သည့် အလေ့အထများကို ဖန်တီးယူရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံး တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီက ကြိုးစားပေးစေ လိုပါကြောင်း၊ ရှင်းလင်းတင်ပြချက်များ အားလုံးကို မှတ်သားထားပါကြောင်း၊ စားသောက်ဆိုင်များ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်က ကူညီ နိုင်မည့် နည်းလမ်းများကို အမြန်ဆုံးရှာဖွေသွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် လမ်းဘေးဆိုင်လေးများ သည် အကူအညီအထောက်အပံ့ ပို၍လိုအပ်သည်ကို နားလည်သဘောပေါက်ပါကြောင်း၊ ထို့ကြောင့် မည်သည့် ပုံစံဖြင့် လမ်းဘေးဆိုင်လေးများ မြန်မြန်ဆန်ဆန် ပြန်လည်ဖွင့်လှစ်နိုင်မည်ကို အလေးထားစဉ်းစားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လိုအပ်သည့် စည်းမျဉ်း စည်းကမ်းများချမှတ်ကာ အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ပြည်သူများ စိတ်ချမ်းသာအောင် ကျွေးမွေး ဆောင်ရွက်ပေးသည့် စားသောက်ဆိုင်များကို ကျေးဇူး တင်ရှိပါကြောင်း၊ စားသောက်ဆိုင်များ လည်ပတ်နိုင်ရန် အတွက် စားသုံးပေးသည့် ပြည်သူများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်ပါ ကြောင်း၊ နောက်လတွင် အချို့ဆိုင်များ ပြန်လည်ဖွင့်လှစ် နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆိုင်အားလုံး တစ်ချိန် တည်းတွင် ပြန်လည်ဖွင့်လှစ်နိုင်မည် မဟုတ်ပါကြောင်း၊ ဖွင့်နိုင်သည့်ဆိုင်များ၏ အခြေအနေကိုကြည့်၍ အဆိုပါ အတွေ့အကြုံအရ မည်သည့်အပြောင်းအလဲများကို ဆောင်ရွက်သင့်သည်၊ မည်သို့ပံ့ပိုးပေးသင့်သည်ကို အကြံဉာဏ်ပေးရမည်ဖြစ်ပါကြောင်း၊ အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း၊ ကျန်းမာ၊ ချမ်းသာပါစေကြောင်း ပြောကြားသည်။
စီမံခန့်ခွဲအုပ်ချုပ်နေသူဖြစ်
ဦးကျော်မြတ်မိုးသည် ရန်ကုန်မြို့တွင် (၅) ဆိုင်၊ မန္တလေးမြို့တွင်(၂)ဆိုင်နှင့် ကျိုက်ထို၊ ပြင်ဦးလွင်၊ ပန်းတနော်၊ မကွေး၊ ကြို့ပင်ကောက်၊ မြစ်ကြီးနား၊ မြဝတီ၊ မဲဆောက်(ထိုင်းနိုင်ငံ)တို့တွင် (၁)ဆိုင်စီ စုစုပေါင်း (၁၅) ဆိုင် ဖွင့်လှစ်ထားသည့် ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် များအား စီမံခန့်ခွဲအုပ်ချုပ်နေသူဖြစ်ကြောင်း၊ ဦးဝင်းဌေး သည် ရန်ကုန်မြို့တွင် ဆိုင်(၂၀)၊ မန္တလေးမြို့တွင် (၄)ဆိုင်၊ နေပြည်တော်တွင် (၃) ဆိုင်၊ အမြန်လမ်းတွင် (၄) ဆိုင် စုစုပေါင်း (၃၅) ဆိုင် ဖွင့်လှစ်ထားသည့် ရွေပလ္လင် လက်ဖက်ရည်ဆိုင်များနှင့် ရန်ကုန်မြို့တွင် (၂)ဆိုင်၊ မန္တလေးမြို့တွင် (၁)ဆိုင် စုစုပေါင်း (၃)ဆိုင် ဖွင့်လှစ်ထား သည့် Fuji Japanese Restaurant များကို စီမံခန့်ခွဲ အုပ်ချုပ်နေသူဖြစ်ကြောင်းနှင့် ဒေါ်ယဉ်ယဉ်ငြိမ်းသည် COVID-19 မဖြစ်ပွားမီ ပုံမှန်အချိန်များတွင် လက်ဖက် ရည်ဆိုင်များသို့ ပုံမှန်သွားရောက်စားသုံးသူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်