ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တဲ့ ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တဲ့ ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းခမ်းလှိုင်

     စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၆ ခွေမြောက် “ဒိတ်ဒိတ်ကြဲ” သီချင်းခွေဖြန့်ချိမယ့် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နေ့ခင်း ၂ နာရီ က Sakura Tower မှာ ပြုလုပ်ခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းခွေကို Excellent Creation မှ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပါတယ် ။ အဲဒီနေ့ နေ့ခင်း ၁ နာရီ Junction Square မှာ ပရိသတ်တွေကို ...လက်မှတ်ရေးထိုးပေးမှာဖြစ်ပြီး ညနေ ၅ နာရီမှာတော့ သီချင်းများနဲ့ ဖျော်ဖြေ တင်ဆက်ပေးမှာဖြစ်ပါတယ်။ သီချင်း ၁၄ပုဒ် ပါဝင်ပြီး သအို၊ ဂျွန်၊ စိုးကြီးတို့က ပါဝင်သီဆိုပေးထားသလို သီချင်း ၁၄ ပုဒ်လုံးက စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေပဲဖြစ်တယ်လို့လည်း သိရပါတယ်။

     သီချင်းခွေမထွက်ဖြစ်တာ ၃ နှစ်နီးပါးကြာပြီဖြစ်တာကြောင့် ဒီအခွေပြင်ဆင်မှုနဲ့ ရင်ခုန်မှုကို မေးကြည့်တော့ “ဒိတ်ဒိတ်ကြဲအခွေက ကျွန်တော့်ရဲ့ ၆ ခွေမြောက် အခွေဖြစ်ပါတယ်။ ဒီအခွေကို တစ်ကိုယ်တော်အခွေလို့တော့ မပြောချင်ပါဘူး။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေက အမြဲတမ်းပါဝင် အားဖြည့်ပေးခဲ့တဲ့အတွက် စိုင်းစိုင်းနဲ့ သူငယ်ချင်းများရဲ့ “ဒိတ်ဒိတ်ကြဲ” လို့ပဲပြောချင်ပါတယ်။ ကျွန်တော် သီချင်း ၁၄ ပုဒ်မှာ ၂ ပုဒ်က သီချင်း အဟောင်းပါတယ်။ ဓာတ်ပုံတွေနဲ့ သီချင်းစာသားတွေကို လုပ်ထားတာကလည်း ကျွန်တော်နဲ့ ခင်မင်တဲ့ ဓာတ်ပုံဆရာ ၈ ယောက်က ကျွန်တော့်ကို မေတ္တာနဲ့ရိုက်ပေးထားတယ်။ ဦးမိုးမင်း၊ ဦးပီတာ၊ ကိုနိုင်၊ ကိုဝဏ္ဏခွာနီး၊ ကိုအေးဇော်မိုး၊ ကိုလမင်းနိုင်၊ ကိုနိုင်နိုင်ထွန်း၊ ကိုထက်အောင်ကျော်တို့က ကူညီပေးထားတယ်။

     သီချင်းအားလုံးကို ကျွန်တော့်ရဲ့ Home စတူဒီယို Frenzo မှာပဲ လုပ်ထားတယ်။ KGK တီးတဲ့ ၂ပုဒ်ကိုတော့ သူ့စတူဒီယိုမှာ၊ ကိုဥက္ကာဦးသာ တီးတဲ့သီချင်းကို သူ့အိမ်မှာလုပ်ပါတယ်။ အခွေမထွက်တာ ကြာပြီဆိုတော့ ပထမဆုံးအခွေ ထွက်သလိုပဲ ရင်ခုန်တယ်။ တစ်ခါမှ ရည်စားမထားဘူးပဲ ပထမဆုံးချစ်သူနဲ့ ချိန်းတွေ့ရမယ့် ခံစားရမှုမျိုးဖြစ်မယ်ထင်တယ်”လို့ ပြောပါတယ်။ သီချင်းတွေက အချစ်၊ အလွမ်း၊ ​မျှော်လင့်ချက် စိတ်နာတဲ့ အကြောင်းတွေပါတယ်လို့ ပြောပြတာကြောင့် “သီချင်းရေးထားတာတွေက ကိုယ်တိုင်ရဲ့ခံစားချက်တွေလည်း ပါတယ်။ စိတ်ကူးယဉ်ထားတာလည်းပါတယ်။

     မြတ်မြတ်နိုးနိုး ချစ်တာတွေပါသလို၊ နာကြည်းမုန်းတီးတာ၊ ပေါက်ကွဲတာ၊ မျှော်လင့်ချက်တွေ၊ တက်ကြွမှုတွေ၊ ကဲကြတာတွေလည်းပါတယ်။ စိုင်းစိုင်းရဲ့ အရသာပါပဲ။ ဒါပေမဲ့ ဗားရှင်းမြှင့်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင် ၆.၁ ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က အခွေမထွက်တာ ၃ နှစ်နီးပါးကြာပြီဖြစ်တဲ့အတွက် ပရိသတ်တွေကို ချစ်သေးရဲ့လားလို့လည်း မေးခွန်းထုတ်ခဲ့ပါသေးတယ်။

(အင်တာနက်)