စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်းစကားဝိုင်းကျင်းပ

 
 
တာရာ
 
စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်းစကားဝိုင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင်(ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းအညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်ထားထား(ပဋိညာဉ်များအတည်ပြုဆောင်ရွက်ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့အတွင်းရေးမှူး)နှင့် Zeya & Associate Co.,Ltd. Chairman/CEO ဦးဇေယျသူရမွန်(ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်) တို့က ပါဝင်ဆွေးနွေးခဲ့သည်။
 
 
အစီအစဉ်မှူး။ ။ပထမဦးဆုံးအနေနဲ့ Ease of Doing
Business အညွှန်းကိန်း ဘယ်လောက် ရှိတယ်ဆိုတာကို ရှင်းပြပေးပါဦးခင်ဗျာ။
 
ဦးအောင်စိုး။ ။လက်ရှိတိုင်းတာနေတဲ့ Doing
Business အညွှန်းကိန်းက ၁ဝ ခု ရှိပါတယ်။ အဲဒီ ၁ဝ ခုမှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင် တည်ထောင်တာက စပါတယ်။ ပြီးရင် အဆောက်အဦ ဆောက်လုပ်ခွင့်ရယူခြင်း၊ အခွန်ပေးဆောင်မှု၊ ချေးငွေ ရရှိနိုင်မှု၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံ သူများအား အကာအကွယ်ပေးခြင်း၊ ပဋိညာဉ်များ အတည် ပြုဆောင်ရွက်ခြင်း၊ အကြွေးမဆပ်နိုင်မှုအခြေအနေကို ဖြေရှင်းပေးနိုင်မှု၊ လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ ပြည်ပ ကုန်သွယ်မှု စတဲ့ ၁ဝ ခုကို တိုင်းတာပါတယ်။ နောက်ထပ် နှစ်ခု ထပ်ပြီးတိုးချဲ့ဖို့လည်းရှိပါတယ်။ အဲဒါကအလုပ်သမားဈေးကွက်စည်းမျဉ်းတွေနဲ့ အလုပ်အကိုင်ဖန်တီးနိုင်မှုကို တိုင်းတာတဲ့ အညွှန်းကိန်းတစ်ခုနဲ့ အစိုးရနဲ့စာချုပ်ချုပ် ဆိုပြီး ပစ္စည်းဝယ်ယူတာနဲ့ပတ်သက်တာကို တိုင်းတာဖို့ လည်းရှိပါတယ်။ ဒီ ၁ဝ ခုကို ကမ္ဘာ့ဘဏ်ကဦးစီးပြီး ဆောင်ရွက်ပါတယ်။ ဒီဟာကို ကျွန်တော်တို့နိုင်ငံက ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီးပါဝင်ခဲ့တယ်။ စတင် ပါဝင်တဲ့ အချိန်တုန်းက တစ်ကမ္ဘာလုံးမှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက ဒီစနစ်ထဲမှာပါဝင်တယ်။
 
အဲဒီတုန်းက ကျွန်တော်တို့က ၁၈၂ ဆိုတော့ ကျွန်တော်တို့ရဲ့ အောက်မှာ ခုနစ်နိုင်ငံပဲရှိတယ်။ အခု တော့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကြောင့် တဖြည်းဖြည်း တိုးတက်လာတယ်။ မနှစ်တုန်းက ကျွန်တော်တို့က နိုင်ငံပေါင်း ၁၉ဝ မှာ ၁၇၁ ဖြစ်တယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့က အဆင့် ၁၆၅ ဖြစ်တဲ့အတွက် အဆင့် ခြောက်ဆင့် တက်လာပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကို တာဝန်ခံဌာနအဖြစ် တာဝန်ပေးထားတဲ့အတွက် ကျွန်တော်တို့ရဲ့ ဒုတိယဝန်ကြီးဦးဆောင်တဲ့ Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့က ဦးဆောင်ပြီး သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များကအညွှန်းကိန်းတစ်ခုချင်းကို တာဝန်ယူကြီးကြပ်ပြီး နှစ်စဉ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလို တိုးတက် မှုရရှိခဲ့တာဖြစ်ပါတယ်။ ဒါကိုလည်း ဆက်လက်ပြီး တိုးတက်အောင် ဆောင်ရွက်သွားမယ့်အခြေအနေတွေကို အခုလိုရှင်းလင်းတင်ပြရခြင်းဖြစ်ပါတယ်။
 
အစီအစဉ်မှူး။ ။အဆင့် ၁၇၁ ကနေ ၁၆၅ ဆင့် အထိ ဘာဖြစ်လို့များ မြင့်တက် ခဲ့တယ်လို့ထင်ပါသလဲခင်ဗျာ။
 
ဦးအောင်စိုး။ ။ဒါကတော့ ကျွန်တော်တို့လက်ရှိ
စီးပွားရေးနယ်ပယ်ကို အစိုးရ က အကူအညီပေးနေတဲ့ ကဏ္ဍအသီးသီးက ဌာနတွေ အနေနဲ့ မိမိတို့ရဲ့လက်ရှိလုပ်ငန်းတွေကို ပိုမိုလွယ်ကူ အောင် ဆိုရာမှာ အဓိကသုံးချက်နဲ့ တိုင်းတာပါတယ်။ နံပါတ်(၁) က လုပ်ငန်းအဆင့်တွေနည်းအောင်၊ နံပါတ်(၂)က အချိန်သက်သာအောင်၊ နံပါတ် (၃) က ကုန်ကျစရိတ် သက်သာအောင် ဒီသုံးချက်ကိုအခြေခံပြီး ကျွန်တော်တို့က ပြုပြင် ပြောင်းလဲပေးနေရပါတယ်။ ဌာနအသီးသီးရဲ့ပြုပြင် ပြောင်းလဲမှုတွေက တိုးတက်လာတာနဲ့အမျှ အဲဒီလုပ်ငန်း တွေကပိုမိုလွယ်ကူမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စီးပွားရေးလုပ်ရတာအောင်မြင်လာမယ်၊ ကြာမြင့်ချိန်တွေ လျော့လာမယ်၊ ကုန်ကျစရိတ်တွေနည်းလာမယ်။ ဒါကို ဦးတည်ပြီး ကျွန်တော်တို့က ကြိုးစားပါတယ်။ အခုလိုအဆင့် ခြောက်ဆင့်တိုးတက်လာတာဟာ အညွှန်းကိန်းများနဲ့ သက်ဆိုင်တဲ့ဌာနအသီးသီးက သူတို့ရဲ့လုပ်ငန်းစဉ်တွေကိုတိုးတက်အောင်ပြုပြင်ပြောင်းလဲနိုင်လို့ဖြစ်ပါတယ်။ ဘာတွေ လုပ်တယ်ဆိုတာကိုတော့ သက်ဆိုင်ရာအညွှန်းကိန်း တာဝန်ခံများက ရှင်းပြပါလိမ့်မယ်။
 
အစီအစဉ်မှူး။ ။Ease of Doing Business 2020
အစီရင်ခံစာမှာ Registering Property Indicator ဆိုင်ရာ အထောက်အကူပြုအဖွဲ့က လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင်ပြုပြင်ပြောင်းလဲပြီး အဆင့်နဲ့ရမှတ်တွေ တိုးတက်အောင် ဆောင်ရွက်ခဲ့တယ် ဆိုတာကို ရှင်းပြပေးပါဦး။
 
ဦးကျော်ငြိမ်းအောင်။ ။ ကျွန်တော်တို့ပိုင်ဆိုင်မှုမှတ်ပုံတင်
ခြင်း အညွှန်းကိန်း(Registering Property Indicator)က Ease of Doing Business ရဲ့ အညွှန်းကိန်းတစ်ခုပါ။ ဒီအညွှန်းကိန်းက စီးပွားရေးလုပ်ငန်း တစ်ခု မြန်မာပြည်မှာလာပြီးလုပ်ပြီဆိုရင် သူ့ရဲ့ပိုင်ဆိုင်မှု တွေကို မှတ်ပုံတင်ရတယ်။ အထူးသဖြင့် မြေပိုင်ဆိုင်မှုတစ်ခု ကို ဒီမှာရယူပြီး ကိုယ့်ပိုင်ဆိုင်မှုကိုခိုင်မာဖို့ မှတ်ပုံတင်တဲ့ လုပ်ငန်းဘယ်လောက်အထိ လွယ်ကူသလဲ၊ ဘယ်လောက် အထိ လျင်လျင်မြန်မြန်လုပ်လို့ရသလဲဆိုတာကို တိုင်းတာ တဲ့အညွှန်းကိန်းတစ်ခုပါ။
 
ဒီအညွှန်းကိန်းကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ အဓိကထားပြီးတိုင်းတာပါတယ်။ အဲဒီလိုတိုင်းတာတဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းဆိုတဲ့ လုပ်ငန်းကို လုပ်တဲ့အခါ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆောင်ရွက်ရတဲ့ လုပ်ငန်းဌာန ဥပမာ- ရန်ကုန်မှာဆိုရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိပါတယ်။ ရန်ကုန်ဆင်ခြေဖုံးဒေသတွေ ဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်လို့ရပါတယ်။ ဥပမာ- မြေပိုင်ဆိုင်မှု တွေကိုမှတ်ပုံတင်ပြီးရင် အခွန်ပေးဆောင်တဲ့လုပ်ငန်းတွေကို ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက် ရပါတယ်။
 
မြေပိုင်ဆိုင်မှု၊ မြေဝယ်ယူမှုတွေမှာ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်တဲ့ကိစ္စတွေကို လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့် ဒီအညွှန်းကိန်းမှာ ဆက်စပ်တဲ့ဌာနတွေအကုန်လုံးပေါင်းစုပြီး အညွှန်းကိန်း အဆင့် တိုးတက်အောင် ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့ကိုလည်း ၂၀၁၇ ခုနှစ်မှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို နိုင်ငံတော်က ဒီဆက်စပ်ဌာနတွေကိုစုစည်းပြီး ဒီအညွှန်းကိန်းရဲ့အထောက် အကူပြုအဖွဲ့ဆိုပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။
ဒီအဖွဲ့အစည်းမှာတော့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကျွန်တော်ကအတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ ကျွန်တော်တို့ဌာနကညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ထမ်းဆောင်ပြီး တိုးတက်အောင်ဆောင်ရွက် ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ အဓိကထားပြီးဆောင် ရွက်ရတာက ဒီအညွှန်းကိန်းအဆင့်မြင့်တက်ဖို့၊ ကမ္ဘာ့ဘဏ် ကတိုင်းတာတဲ့လုပ်ငန်းအဆင့် လျှော့ချနိုင်ဖို့၊ အချိန်ကြာ မြင့်မှုလျှော့ချနိုင်ဖို့၊ ကုန်ကျစရိတ်တွေလျှော့ချနိုင်ဖို့ အဓိက ဦးတည်ပြီး ကျွန်တော်တို့ဆောင်ရွက်ပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ အဲဒီအချက်သုံးချက်နဲ့ မြန်မာနိုင်ငံရဲ့အခုဖြစ်ပျက်နေတဲ့အခြေအနေ၊ အခက်အခဲ တွေကို သုံးသပ်လိုက်တဲ့အခါ လုပ်ငန်းအဆင့်အနေနဲ့ ကိုယ့် ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေနဲ့ ကွာခြားမှုသိပ်မရှိပါဘူး။ အဓိက ကွာခြားတာက ကျွန်တော်တို့ဆောင်ရွက်ရမယ့်လုပ်ငန်း ကြာမြင့်တဲ့အချိန်ပါ။ အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံ မှာ ကွန်ပျူတာစနစ်တွေ နောက်ကျနေတဲ့အတွက် လုပ်ငန်း ဆောင်ရွက်ရာမှာ အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။
 
လုပ်ငန်းဆောင်ရွက်ရာမှာလည်း ဌာနတစ်ခုတည်း မှာ ဆောင်ရွက်တာမဟုတ်ဘဲ ဌာနတွေအချင်းချင်း ဆက်စပ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဌာနတွေအချင်း ချင်း ဆက်စပ်ဆောင်ရွက်မှုလွယ်ကူသွားပြီး လုပ်ငန်းကြာမြင့် ချိန်လျှော့ချနိုင်ဖို့ကို လုပ်ငန်းအဖွဲ့မှာပါဝင်တဲ့ဌာနတွေက အဓိကထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့ တဲ့အတွက်၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်က ကျွန်တော်တို့နိုင်ငံကို စပြီးအကဲဖြတ်တဲ့အချိန်မှာ Registering Property Indicator က လုပ်ငန်းဆောင်ရွက်မှုအဆင့် ခြောက်ဆင့်မှာ ကြာမြင့်တဲ့အချိန် ၁၁၃ ရက်ရှိတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
 
ဒါကိုကြာမြင့်တဲ့အချိန်လျှော့ချနိုင်ရေး ဆောင်ရွက် လာတဲ့အခါ၂၀၁၄ ခုနှစ်က ၁၁၃ ရက်၊ ၂၀၁၇ ခုနှစ်မှာ ၈၅ ရက်အထိ ကျွန်တော်တို့ လျှော့ချဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီထက် ဆက်လက်လျှော့ချနိုင်အောင် ဆောင်ရွက်မယ်ဆိုပြီး ဆောင်ရွက်တဲ့အခါ ၂၀၂၀ ပြည့်နှစ်မှာ ၆၅ ရက်အထိ လျှော့ချဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဒီအညွှန်းကိန်းမှာ အဆင့်တိုးတက်လာခြင်းဖြစ်ပါတယ်။
 
ဒီလိုဆောင်ရွက်ရာမှာလည်း ဌာနတွေအချင်းချင်းညှိနှိုင်းဆက်စပ်ပြီး မလိုအပ်တဲ့အဆင့်တွေ၊ ထောက်ခံစာ တောင်းယူတဲ့ကိစ္စတွေ၊ မလိုအပ်ဘဲစိစစ်နေရတဲ့ကိစ္စတွေ ကို ကျွန်တော်တို့ဖြေလျှော့ပါတယ်။ ဥပမာ- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဆိုရင် မြေပုံရာဇဝင် တောင်းတဲ့ကိစ္စမှာ ထောက်ခံစာတောင်းတဲ့ကိစ္စတချို့ကိုလျှော့ချဆောင်ရွက်ပေးခဲ့ပါတယ်။ စိစစ်တဲ့ကိစ္စတွေမှာ လည်း အချိန်လျှော့ချဆောင်ရွက်ပေးခဲ့ပါတယ်။
 
နောက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနဆိုရင်လည်း အခွန်ဆောင်ဖို့အတွက် တန်ဖိုးသတ်မှတ်ရတဲ့ အချိန် ကာလကို ဟိုတုန်းကရက် ၃၀ လောက်ကြာတဲ့အချိန်ကာလ ကို မနှစ်ကဌာနမှာ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၁၄ ရက်အထိကို လျှော့ချဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနကလည်း စာချုပ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ယခင်ကစာချုပ်ထဲမှာ လူလက်ရေးနဲ့ရေးကူးရတဲ့လုပ်ငန်း ကို အခုခေတ်မီကွန်ပျူတာစနစ်တွေနဲ့ ပြောင်းလဲသုံးစွဲ လာတဲ့အတွက် အရင်တုန်းကစာချုပ်တစ်ခုလာပြီး မှတ်ပုံတင် ရင် ရက်ပေါင်း ၃၀ လောက်ကြာတဲ့အနေအထားကနေ အခု ၁၅ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။
 
ဒါကြောင့် ကျွန်တော်တို့အညွှန်းကိန်းက အရင်တုန်း က၂၀၁၉ခုနှစ်မှာ အဆင့် ၁၃၆ ရှိရာက၂၀၂ဝ အစီရင်ခံစာမှာ အဆင့် ၁၂၅ အထိ တိုးတက်လာခြင်းဖြစ်ပါတယ်။
 
အစီအစဉ်မှူး။ ။Ease of Doing Business 2020
အစီရင်ခံစာမှာ Enforcing Contracts Indicator ဆိုင်ရာအထောက်အကူပြုအဖွဲ့မှာ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံးအနေနဲ့ ဘယ်လိုအခန်းကဏ္ဍ ကနေ ပါဝင်ပြုပြင်ပြောင်းလဲပြီး အဆင့်နဲ့ရမှတ်တွေ တိုးတက်အောင် ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ ရှင်းပြပေးပါဦး။
 
ဒေါ်ထားထား။ ။Enforcing Contracts Indicator
ရဲ့ အထောက်အကူပြုအဖွဲ့မှာ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေး မှူးချုပ်က ခေါင်းဆောင်အဖြစ်ပါဝင်ပြီး ကျွန်မက အတွင်း ရေးမှူးအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအညွှန်းကိန်းတစ်ခု လုံးဟာ တရားစီရင်ရေးလုပ်ငန်းနဲ့တိုက်ရိုက်သက်ဆိုင် နေတဲ့ အညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။
 
ဥပမာဆိုရင် လူအချင်းချင်း ဒါမှမဟုတ် ကုမ္ပဏီ တွေအချင်းချင်း စီးပွားရေးကူးသန်းရောင်းဝယ်ရာကနေ ပြဿနာဖြစ်လာပြီ၊ တရားမကြီးမှုစတင်စွဲဆိုတဲ့အချိန်ကနေစပြီး ဇာရီမှုပြီးပြတ်တဲ့အချိန်အထိ တစ်နည်းဆိုရ မယ်ဆိုရင် တရားလိုက သက်သာခွင့်စတင်တောင်းတဲ့ အချိန်ကနေ သူ့လက်ရောက်ရတဲ့အချိန်အထိ ကြာမြင့်ချိန်၊ ကုန်ကျစရိတ်၊ ပြန်လည်ရရှိမယ့်ရာခိုင်နှုန်းတွေကို အခြေခံပြီး တရားစီရင်ဆောင်ရွက်မှုအရည်အသွေးကို တိုင်းတာတဲ့ အညွှန်းကိန်း ဖြစ်ပါတယ်။
 
ဒီအညွှန်းကိန်းအတွက် ပေးမှတ် ၁၈ မှတ်ဖြစ်ပြီး ကျွန်မတို့ပြီးခဲ့တဲ့နှစ်က ၄ မှတ်ရရှိကာ ယခုနှစ်တော့ ၃ မှတ် ရရှိထားပါတယ်။ ဒီလိုအမှတ်တိုးတက်လာခြင်းရဲ့ အဓိက အချက်ကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တရားရုံးတွေမှာ ပြီးပြတ်တဲ့တရားမမူလအမှုတွေရဲ့ကြာမြင့်ချိန်၊ ပြီးပြတ်မှုနှုန်းတွေကို ကျွန်မတို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဝက်ဘ်ဆိုက်မှာ လွှင့် တင်နိုင်ခဲ့တာလည်းရှိပါတယ်။ နောက်တစ်ချက်က ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာမှာလည်း ဒီအချက်တွေကို ထည့်သွင်းဖော်ပြ နိုင်ခဲ့ပါတယ်။ အဲဒီလိုဝက်ဘ်ဆိုက်မှာ လွှင့်တင်နိုင်ခြင်း၊ တရားရုံးနှစ်စဉ်အစီရင်ခံစာမှာ ထုတ်ပြန်နိုင်ခြင်းတွေဟာတရားစီရင်ဆောင်ရွက်ချက်တွေကို ပြည်သူတွေက အလွယ်တကူသိရှိနိုင်တယ်ဆိုပြီး ကမ္ဘာ့ဘဏ်က ပွင့်လင်း မြင်သာမှုအနေနဲ့ အမှတ်ပေးတာဖြစ်ပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်)