နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အခမ်းအနား ပင်လုံမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

 
 
ပင်လုံ ဖေဖော်ဝါရီ ၁၂
 
နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ပြည်မတောင်တန်းပူးပေါင်းရေး ကျောက်တိုင်ကွင်း၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။     
 
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာဝင်းမြတ်အေး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊   အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများ၊  ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊  ပင်လုံစာချုပ်တွင်  လက်မှတ်ရေးထိုးခဲ့ကြသည့် ခေါင်းဆောင်များ၏ သားသမီးများနှင့် ဆွေမျိုးတော်စပ်သူများ၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့်  တိုင်းရင်းသားများ၊ ဖိတ်ကြားထားသူများနှင့်  ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
 
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက်ရောက်ကြသူများသည် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများကို ဆောင်ရွက်ကြသည်။
 
ထို့နောက် ရှမ်းပြည်နယ် တောင်ကြီးမြို့မှ နမ်းမီမီချမ်းက ပင်လုံသမိုင်း အကျဉ်းကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် ချင်း၊ ကယား၊ ကရင်၊ ရခိုင်၊ မွန်၊ ကချင်၊ ရှမ်း၊ ဗမာ တိုင်းရင်းသူများက ပင်လုံစာချုပ်ပါအချက်များကို တစ်ပိုဒ်စီဖတ်ကြားကြသည်။
 
ဆက်လက်၍  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့်မိန့်ခွန်းကို သီးခြား ဖော်ပြထားပါသည်။)                              
 
ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်  ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော လူထုကိုယ်စားလှယ် ဦးထွန်းမြင့်၊ လူထုကိုယ်စားလှယ် စဝ်ယိဝ်ဖ၊ ချင်းကိုယ်စားလှယ် (ဟားခါး) ဦးကီယိုမန်း၊ လူထုကိုယ်စားလှယ် ဦးကြာပု၊ ချင်းကိုယ်စားလှယ်(တီးတိန်) ဦးတောင်ဇာခုပ် ၊ လူထုကိုယ်စားလှယ် ဦးတင်ဧ၊ ချင်းကိုယ်စားလှယ်(ဖလမ်း)ဦးလှူရ်မှုန်၊ လူထုကိုယ်စားလှယ် ဦးဟော်ဝါးဒူဝါ အမ်ခွန်ဖုန်း၊ ကချင်ကိုယ်စားလှယ်(ဗန်းမော်) ဦးလဘန်ဂရောင်၊ သထုံစော်ဘွား ကိုယ်စားလှယ် ဦးဖြူ၊ ကချင်ကိုယ်စားလှယ်(ဗန်းမော်) ဒူဝါးဇော်လွန်း၊ သာမိုင်းခမ်း စော်ဘွား စဝ်ထွန်းအေး၊  ကချင်ကိုယ်စားလှယ်(မြစ်ကြီးနား)  ဦးဒိန်ရတန်၊ ဗိုလ်ချုပ်အောင်ဆန်း၊ တောင်ပိုင်းစော်ဘွား စဝ်ခွန်ပန်းစိန်၊ ကချင်ကိုယ်စားလှယ် (မြစ်ကြီးနား) ဆမားဒူးဝါးဆင်ဝါးနောင်၊ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၊ လူထုကိုယ်စားလှယ်  ဦးခွန်ထီး၊  မြောက်ပိုင်းသိန္နီစော်ဘွား  စဝ်ဟုံဖ၊ လူထု ကိုယ်စားလှယ်  ဦးခွန်စော၊  လဲချားစော်ဘွား  စဝ်နွံ၊  ကချင်ကိုယ်စားလှယ် (မြစ်ကြီးနား) ဒူဝါဇော်ရစ်နှင့်  မိုင်းပွန်စော်ဘွား စဝ်စံထွန်းတို့၏  ဓာတ်ပုံနှင့် အထိမ်းအမှတ်နေရာများကို လှည့်လည်ကြည့်ရှုပြီး ၎င်းတို့၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ၏ မိသားစုဝင်များနှင့်လည်းကောင်း၊ ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြမည့် တိုင်းရင်းသား၊  တိုင်းရင်းသူများနှင့်လည်းကောင်း၊  ပင်လုံစာချုပ်ပါ အပိုဒ် ၈ ပိုဒ်ကို ဖတ်ကြားသည့် တိုင်းရင်းသူ  ၈  ဦးနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ 
 
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားများ၏ ပင်လုံငြိမ်းချမ်းရေးစကားဝိုင်း(Panglong Peace Talk)အစီအစဉ်ကို  ကျင်းပသည်။ (ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဆွေးနွေးပြောကြားမှုများကို သီးခြားဖော်ပြထားပါသည်။)
 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ပြည်ထောင်စု တိုင်းရင်းသား၊ တိုင်းရင်းသူအကအဖွဲ့များ၏  ပင်လုံသီချင်းဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။ 
 
၁၉၄၆ ခုနှစ် မတ် ၂၆ ရက်မှ ၂၈ ရက်အထိ ပင်လုံမြို့တွင် ပြုလုပ်ခဲ့သည့် ပထမပင်လုံအစည်းအဝေးတွင် တိုင်းရင်းသားအားလုံး အတူတကွ လွတ်လပ်ရေးအရယူကြရန် လမ်းစပွင့်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၃  ရက်မှ ၁၃ ရက်အထိ ပင်လုံမြို့တွင် သမိုင်းဝင် ဒုတိယပင်လုံညီလာခံကြီးကို ကျင်းပနိုင်ခဲ့ပြီး  ယင်းညီလာခံကြီးတွင်  ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဘုရင်ခံအမှုဆောင်ဝန်ကြီးများ၊ နယ်ခြားဒေသအုပ်ချုပ်ရေးအဖွဲ့မှ အရာရှိများ၊  မြန်မာပြည်နိုင်ငံရေးအဖွဲ့အသီးသီးမှ  ကိုယ်စားလှယ်များ၊ သတင်းစာဆရာများ၊ နိုင်ငံခြားသံကိုယ်စားလှယ် ကောင်စစ်ဝန်များ၊ ထင်ရှားကျော်ကြားသူ တစ်သီးပုဂ္ဂလများ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များနှင့် လူထုကိုယ်စားလှယ်များ၊ ကချင်တိုင်းရင်းသားနှင့် ချင်းတိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 
 
ကရင်နီကိုယ်စားလှယ်များနှင့် KNU အဖွဲ့ ကိုယ်စားလှယ်များလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ ထိုပင်လုံညီလာခံတွင် တောင်တန်း ပြည်မ ပူးပေါင်းပြီး လွတ်လပ်ရေးရယူမည်ဖြစ်ကြောင်း သက်သေပြသည့် ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးက အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ကြသည်။
 
ယင်းပင်လုံသဘောတူညီချက်ကို  လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် တောင်တန်းမြေပြန့် ပူးပေါင်းပြီး နိုင်ငံလွတ်လပ်ရေးရယူနိုင်ရန် လမ်းပွင့်သွားခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအဖြစ် ပြန်လည်ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
 
ပင်လုံသမိုင်းအကျဉ်းကို ဖတ်ကြားတင်ပြခဲ့သည့် နန်းမီမီချမ်းက ''ပင်လုံ စာချုပ် ချုပ်ဆိုခဲ့တာ  ယနေ့ဆိုလျှင်  နှစ်ပေါင်း (၇ဝ) ပြည့်မြောက်ခဲ့ပါပြီ။ လွတ်လပ်ရေးရရှိခဲ့တာကြာပြီဖြစ်ပေမယ့်လည်း နိုင်ငံရေးကွဲပြားမှုတွေ၊ စိတ် သဘောထား မတိုက်ဆိုင်မှုတွေနဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့တာ ကမ္ဘာ့အရှည်ကြာဆုံးအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။''
 
''ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်းက (၂ဝ) ရာစု ပင်လုံညီလာခံကြီးနဲ့ ရင်ကြားစေ့ပေးနိုင်ခဲ့သလို ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းအောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က (၂၁) ရာစုပင်လုံညီလာခံကြီးနဲ့  ရင်ကြားစေ့ပေးနိုင်ဖို့  တစ်နိုင်ငံလုံးက အားကိုးတကြီး မျှော်လင့်နေကြပြီဖြစ်ပါတယ်။''
 
''ကျွန်မတို့ပြည်ထောင်စုကြီး မငြိမ်းချမ်းတာ နှစ်ပေါင်းများစွာကြာမြင့်နေပါပြီ။ ကျွန်မတို့ရဲ့ တိုင်းရင်းသားကလေးငယ်တွေ၊ သားသည်မိခင်တွေ စစ်ဘေးဒဏ်သင့်လို့ အခုလို အေးမြတဲ့ရာသီမှာ ဘယ်ပုံဘယ်နည်း နေထိုင် နေကြရတယ်ဆိုတာကို မြင်ယောင်မိတိုင်း ကြေကွဲဝမ်းနည်းရပါတယ်။ ပြည်သူ တွေရဲ့ မျက်ရည်တွေကို ခေါင်းဆောင်ကြီးတွေက သုတ်ပေးကြဖို့ တစ်နိုင်ငံလုံး က ပြည်သူတွေကိုယ်စား ဒီကနေ့ အခမ်းအနားကြီးမှာ ကျွန်မအနေနဲ့ အလေးအနက် တောင်းဆိုချင်ပါတယ်''ဟု ထည့်သွင်းပြောကြားခဲ့သည်။ 
 
(သတင်းစဉ်)