အသိ၊ သတိနှင့် အမူအကျင့်ဖြင့်

 
 
 
ကမ္ဘာနှင့်အဝန်း နိုင်ငံအများစု ရောဂါဖြစ်ပွားနေချိန်၊ ဗိုင်းရပ်စ်ပိုး လုံး၀မတွေ့ရှိသေးသည့် အနည်းစုမျှသောနိုင်ငံထဲတွင် ပါဝင်နေ သည့် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ် က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦး စတင်တွေ့ရှိနေသည် ဆိုသည့်အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာသွားပါသည်။
တစ်ဦးက ချင်းပြည်နယ်သို့ ရောက်လာသည့် အမေရိကန် ပြည်ထောင်စုမှ ပြန်လာသူဖြစ်ပြီး၊ အခြားတစ်ဦးက ယူကေမှ ပြန်လာသည့် ရန်ကုန်ရောက်နေသူ ဖြစ်ပါသည်။ နှစ်ဦးစလုံး စိတ်ချလုံခြုံသည့် ဆေးရုံများမှာရှိနေကာ စနစ်တကျ ဆေးကုသမှု ခံယူနေပြီး ယခုအချိန်ထိ စိုးရိမ်ဖွယ်မရှိဟု သိရပါသည်။
ဤ ဗိုင်းရပ်စ်ပိုးသည် လူ၏ကိုယ်ခန္ဓာတွင်း ရောက်နေသော် လည်း အပြင်ပန်းအမြင်အားဖြင့် သာမန်လူတစ်ဦးလိုပင် ရှိနေနိုင် သည့်အတွက် ထိုသူ၏ ကိုယ်တွင်း၌ ပိုးရှိနေမှန်း ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းမပြုဘဲ မသိနိုင်ပါ။ ကိုယ်တွင်း၌ ပိုးရှိနေတိုင်းလည်း ရောဂါဖြစ်နေခြင်းမဟုတ်ဘဲ ၎င်းတို့က ရောဂါပိုးကို လက်ခံယူထား ကာ အခြားသူများဆီသို့ ကူးစက်ပြန့်ပွား နိုင်ခြင်းဖြစ်လေသည်။
ထို့ပြင် ထိုဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်လာသည်ဆိုဦးတော့ ရောဂါဖြစ်တိုင်း အသက်ဆုံးရှုံးရခြင်းမဟုတ်ပါ။ ရာခိုင်နှုန်း အနည်းငယ် (လူတစ်ရာလျှင် လေးယောက်ကျော်ခန့်) ဖိတ်စဉ်မှုရှိ သည့် ရောဂါအမျိုးအစားဖြစ်သည့်အတွက် ရောဂါဖြစ်ပွားပြီ ဆိုသည့်တိုင် အလွန်အကျွံ စိုးရိမ်ပူပန်ခြင်းမဖြစ်ဘဲ စနစ်တကျ ရင်ဆိုင်ကုသရမည်ဖြစ်ပါသည်။
နိုင်ငံတွင်း၌ ရောဂါပိုး တွေ့ရှိသည်ဟု သတင်းထုတ်ပြန်လိုက် သည်နှင့် လူအများအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ကြမည် ဆိုသည် မှာ သဘာ၀ဖြစ်ပါသည်။ သို့သော်လည်း ရောဂါပိုးတွေ့သည် ဆိုရုံ မျှနှင့် ဆောက်တည်ရာမရဖြစ်ကာ ၀ရုန်းသုန်းကားဖြင့် ဈေးဝယ် ကြ၊ ရိက္ခာစုဆောင်းကြ စသည်ဖြင့်လိုအပ်သည်ထက်ပိုသည့် အလုအယက်ဖြစ်ခြင်းမျိုးက ကောင်းကျိုးရလဒ်မဖြစ်စေနိုင်ပါ။ လိုအပ်သည်လောက်ကို စနစ်တကျ တစ်ဦးနှင့်တစ်ဦး အလှည့်ပေး ဝယ်ယူကြသည့် ယဉ်ကျေးမှုမျိုး ဖြစ်သင့်ပါသည်။ လူစုလူဝေးဖြင့် တိုးဝှေ့ အလုအယက်ဖြစ်ခြင်းဖြင့် ရောဂါပိုးများ ပိုမိုပျံ့နှံ့ကူးစက်နိုင် သည်ကို ပို၍စိုးရိမ်ရမည် ဖြစ်ပါသည်။
ယခုလို အရေးကြီးသော ရှောင်လွှဲ၍မရနိုင်သည့် အခြေအနေ မျိုးတွင် လူအများအနေဖြင့် တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ကြရန် လိုပါမည်။ အကြောက်လွန်ခြင်း၊ အစိုးရိမ်လွန်ခြင်းက ကောင်းကျိုး မဖြစ်စေနိုင်ဆိုသည်ကို သတိပြုသင့်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် -
ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်နှုန်းအလွန်မြန်၏။ ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်၏။ သို့သော်လည်း ကူးစက်တိုင်း ရောဂါဖြစ်ပွားခြင်းမဟုတ်၊ ရောဂါဖြစ်ပွားတိုင်း အသက်အန္တရာယ် ကို ထိခိုက်ဆုံးရှုံးစေသည်မဟုတ်ကြောင်းကို နားလည်ဖို့လို၏။ ရောဂါဖြစ်ပွားလာလျှင် သို့မဟုတ် အချို့သော ရောဂါလက္ခဏာများ တွေ့ရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်း ကြားကာ စနစ်တကျကုသမှု ခံယူရမည်ဖြစ်၏။ ရောဂါပိုးရှိကြောင်း ဆောလျင်စွာသိလျှင် ကုသပျောက်ကင်းနိုင်၏။
မည်သို့သော သတင်းများကို ကြားရသည်ဖြစ်စေ သတင်း ရင်းမြစ်ကို ဆန်းစစ်ရန် လိုပါ၏။ အကောင်းဆုံးမှာမူ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ တရားဝင်ထုတ်ပြန်သော သတင်းနှင့် ကြေညာချက်များကို နားစွင့်ကြ လိုက်နာကြခြင်းဖြစ်၏။ မသေချာသောသတင်းများ၊ ကောလာဟလများကို မဖြန့်ဝေကြရန် လိုအပ်ပါသည်။
လူစုလူဝေးကို ရှောင်ကြဉ်ခြင်း၊ အခြားသူများနှင့် ထိတွေ့ ဆက်ဆံမှုကို ရှောင်ခြင်း၊ သီးသီးသန့်သန့် နေထိုင်ခြင်း၊ အတတ် နိုင်ဆုံး မိမိအိမ်တွင်းတွင် နေထိုင်ခြင်းဖြင့် မိမိကိုယ်တိုင်အတွက် ရော အများပြည်သူ အတွက်ပါ ပိုမိုသင့်လျော်ကောင်းမွန်သည်ကို နားလည်ကြရန်လို၏။
လောလောဆယ်အားဖြင့် အလွယ်ကူဆုံးနှင့် အထိရောက် ဆုံးသော ရောဂါကာကွယ်နိုင်သည့်၊ ရောဂါပိုးမပျံ့နှံ့အောင် ထိန်းချုပ်နိုင်သည့်နည်းလမ်းမှာ လက်ဆေးခြင်းဖြစ်၏။ အပြင်မှ ပြန်လာတိုင်း လက်ဆေးခြင်း၊ ဆယ့်ငါးမိနစ်တစ်ခါ လက်ဆေးခြင်း၊ တစ်ခါဆေးလျှင် စက္ကန့်နှစ်ဆယ်ကြာသည်ထိ ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးခြင်း၊ လက်ဖဝါး၊ လက်ဖမိုး၊ လက်ကောက်ဝတ်၊ လက်ချောင်း များနှင့် လက်သည်းများကြားကို စနစ်တကျ နှံ့နှံ့စပ်စပ်ဆေးကြော ခြင်းတို့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်သည့် ထိရောက်သော နည်းလမ်းကောင်းတစ်ခုဖြစ်၏။
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအသွင်ဖြင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ကူးစက်နေသည့် ကပ်ရောဂါဖြစ်ပါသည်။ ပြည်သူတစ်ဦးချင်းအနေဖြင့် နိုင်ငံ့အရေး၊ မိမိတို့အားလုံး၏ အနာဂတ်အရေးအဖြစ် သဘောပေါက် နားလည်ကာ တည်တည် ငြိမ်ငြိမ်၊ ညီညီညွတ်ညွတ် ရင်ဆိုင်ခြင်းဖြင့် ဤဘေးဆိုး ကပ်ဆိုးကို ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်ပါသည်။
တည်ငြိမ်သည့် နိုင်ငံဖြစ်ရေးအတွက် ပြည်သူများကသာ အဓိက ဖြစ်ပါကြောင်း။ ။